Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Wednesday, August 8, 2012

“ တချိန်တုန်းက ” / “ မိန်းမ ”


တစ်နေ့မှာ......
တိမ်ပြာHotel ရဲ့ စားသောက်ခန်းထဲကို ဧည့်သည်နှစ်ယောက်ဝင်လာတယ်...တံခါးဖွင့်သံကြားတော့အဖြူရောင်အိင်္ကျီပေါ်မှာ နက်ပြာရောင်ကုတ် နက်ပြာရောင်စကပ်တိုဒူးဖုံးနဲ့ စားပွဲထိုးမိန်းကလေးလှမ်းကြည့်လိုက်တယ် "မင်္ဂလာပါ ... " စားပွဲထိုးမိန်းကလေးချိုမြတဲ့ နှုတ်ဆက်သံနှင့်အတူ ရိုသေစွာခါးကိုင်းလိုက်တယ် ...
ဝင်လာတဲ့ဧည့်သည်တွေက ကျားမ တစ်တွဲဖြစ်တယ် အသက် ၄ဝ အရွယ်လောက်ရှိကြမယ် ... ဝတ်ထားတာသန့်သန့်ပြန့်ပြန့်ပဲ... မိန်းမကြီးကတော့ ဘာမှမပါဘူး ရှေ့ကဝင်လာတယ်၊ ယောက်ျားကြီးကတော့
ခရီးဆောင်အိပ်အနီကြီးကို ဘီးလိမ့်လို့ဆွဲလာတယ် ... အလည်အပတ် ခရီးထွက်လာတဲ့ လင်မယားဖြစ်ဖို့များတယ်...
စားပွဲထိုးမိန်းကလေး ဦးဆောင်ပြီး စားပွဲတစ်ခုမှာနေရာပေးလိုက်တယ် ... Hotel က 5 star hotel ဖြစ်လို့ စားပွဲကြီးတွေက ကျွန်းစားပွဲဝိုင်းကြီးတွေ အိမ်တွင်း အလှဆင်ထားတဲ့ မီးဆိုင်းတွေနဲ့ hotel
ရဲ့စားသောက်ခန်းဟာ ခန်းနားလှပနေတယ် ...
ထိုင်ခုံမှာ ထိုင်ပြီးတော့ စားပွဲထိုးမိန်းကလေးက စားသောက်Menu ကဒ် ကို ပြုံးပြီးလှမ်းပေးလိုက်တယ် ...
ယောက်ျားကြီးက ကဒ်ကို လှမ်းယူပြီး မိန်းမကြီးကို ထိုးပေးလိုက်တယ် "မင်း... ဘာစားချင်ဘာမှာလိုက်.."
မိန်းမကြီးက ကဒ်ကို ကြည့်တောင်မကြည့်ဘဲ စားပွဲထိုးမိန်းကလေးကို တစ်ချက်ကြည့်ပြီး "ကျွန်မတို့ကို ဖက်ထုပ်အရည်ဖျော်တစ်ပွဲပေးရင်ရပြီ..."
စားပွဲထိုးမိန်းကလေး တစ်ချက်တန့်သွားတယ် ... ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး ... တိမ်ပြာHotel လာပြီး ဖက်ထုပ်မှာစားတယ်? ပြီးတော့ ဒီမှာလဲ မရှိဘူး ... နားကြားများလွဲသလား ဆိုပြီး မိန်းမကြီးကို
မေးခွန်းများစွာပါတဲ့အကြည့်နဲ့ကြောင်ကြည့်နေမိတယ် ... မိန်းမကြီးက နောက်တစ်ခေါက် ထပ်မှာလိုက်တယ် ...
ယောက်ျားကြီးကစကားပြောလာတော့တယ် ..." ဘာလို့ဖက်ထုပ်ပြုတ်ကိုစားမှာလဲ ... ပိုက်စံ မရှိတာမှမဟုတ်တာ"
မိန်းမကြီးခေါင်းခါပြီး " ကျွန်မ ဖက်ထုပ်ပဲစားမှာ!" ယောက်ျားကြီးက တစ်ချက်တန့်ပြီး စားပွဲထိုးမိန်းကလေးရဲ့ အံ့သြတဲ့အကြည့်တွေကို အားနာနာနဲ့ "ညီမ .. အကိုတို့ကို ဖက်ထုပ်နှစ်ပွဲပေးပါ"
" မဟုတ်ဘူး တစ်ပွဲတည်းယူမှာ" မိန်းမကြီးခပ်တည်တည်နဲ့ပြောတယ်.. ယောက်ျားကြီးကြောင်သွားတယ် တစ်ပွဲတည်း ဘယ်လိုစားမလဲ... မိန်းမကြီးက "ရှင်ကတိပေးထားတယ်လေ... ဒီတစ်ရက်ကို
တစ်နေ့လုံးကျွန်မစကားပဲနားထောင်မယ်ဆို.."
ယောက်ျားကြီးဘာသံမှထွက်မလာတော့ဘူး...ကျွန်းကုလားထိုင်ကိုမှီပြီးလက်ပိုက်နေလိုက်တော့တယ်... စားပွဲထိုးမိန်းကလေးမျက်နှာမှာ မချိပြုံးလေ ဖြတ်ပြေးသွားတယ် ... အတွေးထဲမှာ {ဒီမိန်းမ
ကပ်စီးနည်းတာလဲ လွန်လွန်းပါတယ် Hotel စားသောက်ခန်းမှာ ထမင်းလာစားတာ ဖက်ထုပ်မှာတဲ့အပြင် ၁ပွဲကို ၂ယောက်စားအုံးမယ်တဲ့} မိန်းမကြီးကို မဲ့ပြီး "တောင်းပန်ပါတယ်ရှင့်...ကျွန်မတို့hotel မှာ
ဖက်ထုပ်မရောင်းလို့ပါ... အကိုတို့အမတို့စားချင်တယ်ဆိုရင် လမ်းမျက်နှာချင်းဆိုင်က လမ်းဘေးဆိုင်လေးမှာ စားလို့ရပါတယ်! "
မိန်းမကြီးမယုံစွာနဲ့ "ဘယ်လိုဖြစ်လို့ ဖက်ထုပ်မရောင်းတာလဲ ? နင်က မှာတာနည်းလို့ မရောင်းချင်တာလား..လူကိုအထင်သေးတာလား..."
ဒီချိန်မှာ ... Hotel သူဋ္ဌေး ဦးဝင်းစိန် round လှည့်လို့ စားသောက်ခန်းထဲရောက်လာတယ် ... မိန်းမကြီးပြောနေတာကိုသူကြားတယ်... စားပွဲထိုးမိန်းကလေးကိုလက်ယက်ပြီးလှမ်းခေါ်လိုက်တယ်...
စားပွဲထိုးမိန်းကလေးကဒေါသသံလေးနဲ့ "သူဋ္ဌေး သူတို့က ဒီမှာလာပြီးဖက်ထုပ်ကိုမရမကမှာနေတယ် ... တမင်လာ နှောက်ယှက်နေတယ်ထင်တာပဲ" ...
ဦးဝင်းစိန် ပြုံးပြီး လက်ကာပြလိုက်တယ်... သူလဲအံ့သြနေတာပဲ ဒီလင်မယားရဲ့ဝတ်ထားပုံကြည့်လိုက်ရင် ထမင်းမစားနိုင်တဲ့ပုံမပေါ်ဘူး ... တစ်ခုခုထူးခြားနေလို့ဖြစ်ရမယ် .. ဘာပဲဖြစ်ဖြစ်လေ
စီးပွားရေးကကိုယ့်စီလာနေမှတော့ အပြင်ကိုတွန်းထုတ်နေရင် သဘာဝမကျလှဘူး..
စားပွဲထိုးမိန်းကလေးရဲ့နားနားကပ်ပြီး "နင် ဖက်ထုပ်တစ်ပွဲသွားဝယ်ပေးလိုက်ပါ ဘယ်လောက်ဝယ်ရလဲ .. ဘေလ်ရှင်းတဲ့အခါ အမြတ်ပိုထည့်လိုက်ပေါ့ ..." ပြောပြီးတာနဲ့ သူကုလားထိုင်တစ်ခုယူပြီး
ဘာတွေဆက်ဖြစ်မယ်ဆိုတာ စောင့်ကြည့်နေလိုက်တယ်...
သိပ်မကြာလိုက်ဘူး... စားပွဲထိုးမလေး မီးခိုးတစ်လူလူ ထွက်နေတဲ့ ကြွေပန်းကန်လုံးကြီးတစ်ခု ကို အဝတ်ခံပြီးမလာခဲ့တယ် ... မိန်းမကြီးရဲ့ရှေ့ကိုချပေးပြီး "အမတို့ ၂ယောက် သုံးဆောင်နိုင်ပါပြီရှင်"
ဖက်ထုပ်ပွဲကိုတွေ့တော့... မိန်းမကြီးပျော်သွားတယ်... သူမမျက်နှာကို ပန်းကန်လုံးအဝမှာ ထားပြီးတစ်ချက်ရှိုက်ရှူလိုက်တယ်... ပြီးတော့ ဇွန်းနဲ့ ပန်းကန်ထဲက ဖက်ထုပ်ဖျော်ကို အသာယာလေး
မွှေပေးနေတယ်...
ယောက်ျားကြီးက မျက်လုံးပြူးမျက်စံ ပြူးနဲ့မိန်းမကိုကြည့်နေတယ် ... ပတ်ဝန်းကျင်ကအံ့သြတဲ့အကြည့်တွေများစွာ ဒီဘက်ကိုလှည့်လာနေတယ် အားလုံးကို သူဂရုမစိုက်တော့ဘဲ.. တင်မာမာပြောလိုက်တယ် "
မင်းကိုငါ တကယ် နားမလည်းတော့ဘူးကွာ ... ဒီလောက် ခရီးဝေးကြီးလာတာ ဖက်ထုပ်တစ်ပွဲစားဖို့အတွက်ပဲလား?"
မိန်းမကြီးခေါင်းမော့လာတယ် "ကျွန်မ ကြိုက်လို့!"
ယောက်ျားကြီး စားပွဲပေါ်မှ Menu ကဒ်ကိုယူပြီး "မင်းကြိုက်ရင်မင်းစား ငါတစ်နေကုန်လမ်းမှာဘာမှ စားခဲ့ရတာမဟုတ်ဘူး ... ဗိုက်ကဆာနေပြီ " သူလက်ကာပြီး စားပွဲထိုးမလေးကို ခေါ်လိုက်တယ် ...
ဟင်းကောင်းတွေကြီး ၆ မျိုး ၇ မျိုး မှာလိုက်တယ် ...
မိန်းမကြီးကတော့ အေးဆေးပဲ .. ယောက်ျား ဟင်းမှာပြီးမှ စားပွဲထိုးမလေးကို သတိပေးလိုက်တယ် " ညီမလေး သူ့မှာပိုက်စံ ပါလားအရင်မေးကြည့်အုံး... မရှင်းဘဲ ထွက်ပြေးနေအုံးမယ်"
စားပွဲထိုးမလေး ဘာဆိုလိုမှန်းမသိလိုက်ချိန်မှာ ယောက်ျားကြီးက မျက်နှာတစ်ခုလုံးနီလို့ " ချီးထုပ်ကွာ ဒီမိန်းမ သက်သက် အရှက်ခွဲတာ ...ငါလား မရှင်းပဲထွက်ပြေးမှာ" ပြောရင်း ဘောင်းဘီအိပ်ထောင်ထဲကို
နိုက်တယ် " ?? အင် ... ငါ့ ပိုက်စံအိပ်ကော ? " သူထပြီးတော့ရှာတယ် ဒီအိပ်ထောင်နိုက်လိုက် ဟိုအိပ်ထောင်စမ်းလိုက် ...အဲအခါမှာ ဟမ်းဖုန်း ပါ မရှိတော့ဘူးဆိုတာ သတိထားမိတယ် ...သူခန စဉ်းစားပြီး နောက်ဆုံး
အကြည့်တွေ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ မိန်းမကြီးစီရောက်သွားတယ် ...
မိန်းမကြီး အေးအေးလူးလူး နဲ့ " ရှင် အလုပ်ရှုပ်ခံမနေနဲ့ ပိုက်စံအိပ်နဲ့ဖုန်းနဲ့ မနေ့ညက ကျွန်မ မြစ်ထဲပစ်လိုက်ပြီ..တွေ့မှာမဟုတ်ဘူး"
ယောက်ျားကြီး ဒေါသ ထွက်သွားတယ် " မင်း ရူးနေပြီလား"
မိန်းမကြီးကတော့ မကြားသလိုဘဲ ... ဖက်ထုပ် ပန်းကန် ကို ပဲ မွှေနေတယ်
ယောက်ျားကြီး တစ်ခုခုကိုသတိရလိုက်တော့ ခရီးဆောင်အိပ်အနီးကြီးထဲ လက်နဲ့စမ်းတယ်
မိန်းမကြီး အေးစက်စက် လေသံနဲ့ " ရှင်ရှာမနေနဲ့တော့ ရှင့်နာရီ ၊ ကျွန်မ လက်စွပ် ရှိရှိသမျှ ကျွန်မတို့ ခရီးမှာပါလာတဲ့ တန်းဖိုးရှိတဲ့ပစ္စည်းမှန်သမျှ ကျွန်မ အားလုံးကို မြစ်ထဲ ပစ်လိုက်ပြီ... ကျွန်မမှာ ပိုက်စံ
၅ဝဝ ရှိတယ် ... ဒီ ဖက်ထုပ် တစ်ပွဲစာတော့လောက်မယ် ! "
ယောက်ျားကြီး မျက်နှာတစ်ခုလုံး သွေးမရှိတော့တဲ့ အတိုင်း ဖြူသွားတယ် ... ကုလားထိုင် ပေါ် ထိုင်ချလိုက်သလား ခြေပစ်လက်ပစ် ဖြစ်သွားသလား ... မိန်းမကြီးကို စိုက်ကြည့်ပြီး " မင်း တကယ်ရူးနေပြီ
မင်းတကယ်ရူးနေပြီ! ငါတို့ ပိုက်စံ မပါဘဲ ဘယ်လိုပြန်မလဲ? လမ်းခရီးကနည်းတာမှတ်လို့..."
မိန်းမကြီး မပူမပင် နဲ့ဘဲ ... " ရှင်ဘာစိတ်ပူနေတာလဲ ... ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မတို့မှာ ခြေထောက်တွေပါနေတာပဲ ... လမ်းလျှောက်ပြန်လဲ လျှောက်ရင်းလျှောက်ရင် အိမ်ပြန်ရောက်မှာပါပဲ "
ယောက်ျားကြီး သက်ပြင်းချတယ်.. မိန်းမကြီးက ဆက်ပြောတယ် " လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်တုန်းကလဲ .. ကျွန်မတို့ ကိုယ်ပေါ် ပိုက်စံတစ်ပြားမှ မရှိဘဲလည်း အိမ်ရောက်အောင် ပြန်ခဲ့ကြတာပဲ မဟုတ်လား
...
ယောက်ျားကြီး ဒီစကားလဲကြားရော...ကြောင်တောင်တောင်အကြည့်နဲ့ ..." မင်း... မင်း ... ဘာပြောတယ်? " မိန်းမကြီးက " ရှင် မမှတ်မိတော့ဘူးလား? " သူခေါင်းခါဖြေတယ်
မိန်မကြီး သက်ပြင်းချပြီး " ကြည့်ရတာ.. ဒီနှစ်တွေမှာ ပိုက်စံလေး နှစ်ပြား သုံးပြား ရှိလာတော့ အရာရာကို မေ့ပစ်လိုက်ပြီပေါ့ ၊ လွန်ခဲ့တဲ့ အနှစ် ၂ဝ တုန်းက ကျွန်မတို့ အလုပ်လုပ်မယ်ဆိုပြီး
ဆုထားတဲ့ငွေလေးနဲ့ ခရီးဝေးကို ထွက်လာကြတယ်၊ ပိုက်ဆံ အလိမ်ခံရလို့ အခြေအနေမကောင်းခဲ့ဘူး... အိမ်ပြန်ဖို့စာရိတ်တောင်မကျန်ဘူး......ဒီနားလေးရောက်တော့ ရှင် ကျွန်မကို ဖက်ထုပ် တစ်ပွဲမှာပေးတယ်လေ ...
ကျွန်မ သိတယ် အဲဒီအချိန် ရှင့်မှာ ပိုက်စံ ၅ဝ ပဲကျန်တော့တယ်"
ယောက်ျားကြီး ဒါတွေလဲ ကြားရော ... တစ်ချက် တွန့်သွားတယ် ...ပတ်ဝန်ကျင် ကို သေချာကြည့်တယ် " ဒီ ....... ဒီ နေရာက ...... "
"ဟုတ်တယ် ဒီနေရာပဲ ...ကျွန်မ တစ်သက်လုံး မေ့လို့ရမှာမဟုတ်ဘူး ...အဲဒီအချိန်တုန်းက ဒီနေရာလေးဟာ ဖက်ထုပ်ဆိုင်လေး ဖွင့်ထားတယ်လေ ...
ယောက်ျားကြီး အသံတိတ်ခေါင်းလေးငုံ့လို့... မိန်းမကြီး တစ်ဖက်လှည့်ပြီး စားပွဲထိုးမလေးကို .." ညီ မ ... ပန်းကန်လုံးတစ်လုံးလောက်ပေးပါ"
စားပွဲထိုးမလေး လျင်မြန်စွာပဲပန်းကန်အလွတ်တစ်လုံးယူလာပေးတယ်, မိန်းမကြီးက ပန်းကန်ထဲက ဖက်ထုပ်ကို တစ်ဝက်စီခွဲထည့်လိုက်တယ် ...တစ်ပွဲကို ယောက်ျားကြီးရှေ့ကို ဖြည်းဖြည်း
တွန်းပို့ပေးတယ်.."စားလိုက်ပါ ..စားပြီးရင် အိပ်အတူပြန်ကျမယ်လေ...!"
ယောက်ျားကြီးက ရှေ့မှာရှိတဲ့ ဖက်ထုပ် တစ်ဝက်ကို စိုက်ကြည့်ပြီး .." ငါ မဆာဘူး " မိန်းမကြီးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့ " လွန်ခဲ့တဲ့ နှစ် ၂ဝ တုန်းကလည်း
ရှင်ဒီလိုပြောခဲ့တာပဲလေ...ကျွန်မကိုဗိုက်ဝအောင်စားစေချင်လို့ပြောခဲ့မှန်းသိပါတယ် " သူမ ပြောပြီး ပန်းကန်ထဲမှာ ကူးခက်နေတဲ့ ဖက်ထုပ်တွေကို စိုက်ကြည့်ပြီး အတွေးတွေထဲ လွင့်မျောနေတယ် ...
ယောက်ျားကြီးက " နင်ဘာလို့မစားသေးလည်း ? " မိန်းမကြီး တစ်ချက်ရှိုက်ပြီး " လွန်ခဲ့တဲ့နှစ် ၂ဝ တုန်းကလဲ ရှင်ဒီအတိုင်းပဲ ကျွန်မကို မေးခဲ့တာပဲ ... ကျွန်မမှတ်မိသေးတယ်... ကျွန်မအဲဒီတုန်းကဖြေခဲ့တာက
..စားရင် အတူတူစားမယ် မစားရင်လဲ လုံးဝ မစားဘူး ...အခုလည်း အဲဒီ အဖြေပဲ ..."
ယောက်ျားကြီး ဘာမှမပြောတော့ဘူး ... ဇွန်းကိုကောက်ကိုင်ပြီး ဖက်ထုပ်ကိုခပ်တယ် ..ဘာကြောင့်မသိဘူး ... ဇွန်းကိုင်တဲ့လက်က တအားတုန်နေတယ်... ဘယ်နှခါ ခပ်မိတယ်မသိဘူး ... ဖက်ထုပ်က
ဟင်းရည်ထဲကိုပဲ ပြန်ပြန် ဆင်းသွားတယ်... နောက်ဆုံးတော့ သူ ဖက်ထုပ် တစ်ခုကို ခပ်ပြီး ပါးစပ်ထဲပို့လိုက်တယ် ... ဝါးတယ်စားတယ်.. နောက်တစ်ခုကို ခပ်ပြီး ပါးစပ်ထဲ ထည့်တော့ မျက်ရည်တွေ ... တပေါက်ပေါက်
စီးကျလာတော့တယ် ...
မိန်းမကြီးက သူ့ယောက်ျားစားတာတွေ့တော့ မျက်နှာမှာ အပြုံးတွေနဲ့ ဇွန်းကိုယူ ပြီး စားတော့တယ်... ဖက်ထုပ် ပါးစပ်ထဲကိုလည်း ရောက်ရော ... မျက်ရည်ကလည်း ပန်းကန်းလုံးထဲကို ကျသွားတယ်... ဒီ
ဇနီးမောင်းနှံ က ဒီလိုနဲ့ မျက်ရည်ရောတဲ့ ဖက်ထုပ် တစ်ဝက်စီကို စားလို့ ကုန်သွားတယ်...
ဇွန်းကို ချပြီးပြီးချင်း .. ယောက်ျားက မိန်းမကိုမေးတယ် .. " ဗိုက်ဝပြီလား ..."
မိန်းမကခေါင်းခါတယ် ၊ ယောက်ျား ပြာသွားတယ်... ရုတ်တရက် သူသတိရလိုက်တယ်...ခါးကိုကုန်းပြီး ခြေနှင်း ကိုချွတ်ပြီး ခြေနင်း အောက်ခံသားရည်ပြားအောက်ကို လှမ်းယူလိုက်တယ် ... ၅ဝဝ တန်
တစ်ရွက်ထွက်လာတယ် ... သူအံ့သြပြီး လက်ထဲက ၅ဝဝတန် ကို ကြောင်းငေးနေမိတယ် ..
မိန်းမကြီးက ပြုံးပြီး " အဲဒီ လွန်ခဲ့တဲ့ နှစ်၂ဝ တုန်းကလေ .. ရှင် ကျွန်မကို ငွေ ၅ဝ ပဲ ရှိတော့တယ် ဆို ပြီး ဖက်ထုပ်တစ်ပွဲတည်း ဝယ်းကျွေးခဲ့တယ်.. တကယ်တော့ ရှင့်မှာ နောက် ထက် ၅ဝ ရှိသေးတယ် ...
ခြေနင်းက အောက်ခံသားရည်ပြားအောက်ထဲမှာ ဖွက်ထားတယ် ... ကျွန်မသိပါတယ် .. ရှင်က အဲဒီ ၅ဝ နဲ့ ကျွန်မ ဗိုက်ဆာရင် နောက်ထပ် စားရအောင် ဖွက်ထားခဲ့တာ .. ဒါပေမယ့် အဲဒီတုန်းက ရှင် လဲ ဖက်ထုပ်
တစ်ဝက်စားလိုက်တော့ ကျွန်မဗိုက်မဝသေးဘူးဆိုတာ သိလို့ .. နောက်တစ်ပွဲ ထက်မှာ စားခဲ့ကြတယ်လေ ..." သက်ပြင်းလေးတစ်ချက်ချပြီး " ရှင်လုပ်ခဲ့ဖူးတာတွေကို ပြန်မှတ်မိသေးတယ်နော်... .. အဲဒီ ၅ဝဝ ဖွက်တာ
အလကား မဖြစ်တော့ဘူး"
ယောက်ျားက ပိုက်စံကို စားပွဲထိုးမလေးကို ပေးတယ် " အကိုတို့ကို နောက်တစ်ပွဲ ထပ်ပေးအုံးကွာ..." စားပွဲထိုးမလေးကပိုက်စံကို မယူဘဲ ...အပြေးလေးထွက်သွားတယ် ..ခဏကြာတော့ လက်ထဲမှာ ဖက်ထုပ်
ပူနွေးနွေး တစ်ပွဲ ပါလာတယ် ...
ယောက်ျားက မိန်းမရဲ့ ပန်းကန်ထဲကို တစ်ဝက် ခွဲထည့်ပေးတယ် .." ပူတုန်းလေး စားလိုက်အုံး..."
မိန်းမ နည်းနည်းမှ မလှုပ်ဘဲပြောတယ် " စားပြီးရင်တော့ ကျွန်မတို့ လမ်းလျှောက်အိပ်ပြန်ကြရတော့မယ် ... ရှင်ကျွန်မကို အပြစ်မဆိုနဲ့နော် .. ကျွန်မကလည်း လမ်းမခွဲခင်လေး ရှင်နဲ့ အရင်က လို
ဒုက္ခနဲ့ဗိုက်မဝ တဲ့ ဒဏ် ကို အတူတူ မျှဝေခံစားချင်လို့ပါ...
ယောက်ျား ဘာအသံမှ ထွက်မလာဘူး ... ခေါင်းကြီး ငုံ့လို့ .. ဖက်ထုပ်တွေ တစ်လုတ်ပြီးတစ်လုတ် ... အရည် တွေ လဲ အကုန်လုံး မော့သောက်လိုက်တယ် ... ပြောင်းသလင်းခါ နေအောင်း စား ပြီး ... မိန်မကို
လောတယ် .." မြန်မြန်စား .. စားပြီးရင် ငါတို့ လမ်းလျှောက်ပြန်ရအုံးမယ်.."
မိန်းမက " ရှင်စိတ်ချပါ ... ကျွန်မ ကတိတည်ပါတယ် ... အိမ်ပြန်ရောက်တာနဲ့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးမယ် .... ငွေလည်းတစ်ပြားမှ မယူဘူး .. ရှင် ဘယ်မိန်းကလေးနဲ့ ပဲ ကြိုက်ကြိုက် ၉ယောက်
၁ဝ ယောက် ယူယူ ... ကျွန်မနဲ့ ဘာမှ မဆိုင်တော့ပါဘူး ..."
ယောက်ျားကြီးအားခေါင် သံ ကြီးနဲ့ အော်ပြောတယ် " အိမ်ပြန်ရောက် ရင် ငါ အဲဒီ ကွာရှင်းစာချုပ်ကို မီးရှို့ပစ်ပါမယ်ဟာ .ဟုတ်ပြီလား.. " ပြောအပြီးမှာ .. သူ ရှိုက်ကြီးတငင်ငိုပြောတယ်.." ငါမှားသွားတယ်
မိန်းမ ... ငါ ဦးနှောက်ထဲရေဝင်လို့ အဲလို မှားခဲ့မိတယ်. .."
မိန်းမကြီးက ပြုံးပြုံးလေးနဲ့ အေးအေးဆေးဆေး ဖက်ထုပ် ပန်းကန် တစ်ဝက်ကို ကုန်အောင်စားလိုက်တယ် ... ပြီးတော့ စားပွဲထိုးမိန်းကလေးကို .." ညီမရေ ဘေလ်ရှင်းမယ်နော်"
တစ်ချိန်လုံး ဘေးကနေကြည့်နေတဲ့ hotel သူဋ္ဌေး ဦးဝင်းစိန် သတိပြန်ဝင်လာပြီး .. စားပွဲဝိုင်းရှိရာကို လာခဲ့တယ် ... ငွေပေးနေတဲ့ မိန်းမကြီးလက်ကို တားပြီး အိပ်ထဲကနေ ၁ဝဝဝ တန် ၅ရွက်ထုတ်ပေးတယ်..
" မင်းတို့ အိမ်ပြန်ရောက်ရင် ကွာရှင်းစာချုပ်မီးရှို့ပစ်ဖို့တောင် ဆုံးဖြတ်ပြီးပြီပဲ ... အိမ်ကိုလဲ လမ်းလျှောက်မပြန်နဲ့တော့.."
လင်းမယားနှစ်ယောက်လုံး ဘာမှနားမလည်ဘဲ ဦးဝင်းစိန်ကို ငေးကြည့်နေကြတယ်. .. ဦးဝင်းစိန်က ပြုံးပြီး.." မင်းတို့က ငါ့ရဲ့ဖောက်သည်ဟောင်းကြီးတွေပဲလေ ... လွန်းခဲ့တဲ့ အနှစ် ၂ဝ တုန်းက ဖက်ထုပ် ဆိုင်
ကလဲ ငါ့ဆိုင်ပဲ ... အဲဒီ အချိန်တုန်းက ဖက်ထုပ်က ငါ့မိန်းမလက်ရာကွ ... " ပြောပြီး ပိုက်စံကို ယောက်ျားလက်ထဲ အတင်း ထည့်ပြီး လှည့်ထွက်သွားတယ် ...
ဦးဝင်းစိန် ရုံးခန်းထဲလဲရောက်ရော... စားပွဲ အံဆွဲထဲကနေ စာစီပြီးသား ကွာရှင်းစာချုပ် စာရွက်လေးတစ်ရွက်ထွက်လာတယ် ... " အော် ... ငါလဲ ဦးနှောက်ထဲ ရေဝင် ပြီး မှားချင်ခဲ့တာပဲ " .....
လမ်းခွဲတော့မယ်ဆိုရင်တွေးကြည့်ပါ... အရင်ကအတိတ်ဟောင်းတွေမှာ ဒုက္ခဆင်းရဲမျှဝေခံစားခဲဖူးတဲ့သူဟာ တစ်လျှောက်လုံးလက်တွဲလာခဲ့ပြီး အသင်တို့ရဲ့ ဇာတ်လမ်းတွေ ဤမျှမတိုတောင်းပါဘူး...
အချိန်တွေ့တရွေ့ရွေ့တွားနေလို့ ပျော်ရွှင်မှုချစ်ခြင်းမေတ္တာတွေကို နှလုံးသား ချောင် တစ်ခုမှာ ပိတ်ထားမိခဲ့ကြတယ်... တကယ်တော့ သင့်ကို ချိုမြိန်သာယာတဲ့စကားနဲ့ ပျော်ရွှင်အောင်ချော့ပြောနေတဲ့သူဟာ
သင့်ကိုအချစ်ဆုံးသူမဟုတ်ပါဘူး... ခုလို ငွေလေး၅ဝဝကို ဖွက်ပြီး လိုအပ်ချိန်မှာ သင့်ကို အနစ်နာခံ ဂရုစိုက်ကာ နောက်ဆုံး စားစရာလေး ကျွေးပြီး ငါမဆာဘူးလို့ပြောမယ့်သူ သာလျှင် သင့်ကိုအချစ်ဆုံးသူပါ
ဇာတ်လမ်းလေးကိုကြည့်ပြီး (ဇနီးမယား)မိန်းမဆိုတာ ဘာလဲသိပြီလား....
မိန်းမဆိုတာ သင့်နှစ်သက်မယ့်လက်ဆောင်လေးတစ်ခုဝယ်ပေးဖို့ငွေတွေဆုပြီး အစားလျော့နေတယ်လို့ပြောမယ့် " ငပိန်းမလေး" ပါ။
မိန်းမဆိုတာ သင့်ကိုချစ်လို့ ကျန်တဲ့သူတွေကိုလျစ်လျူရှုပြီး သင့်ဘေးမှာတဖြေးဖြေး အိုစာတဲ့အထိသစ္စာရှိစွာနေသွားမယ့် "အရိုး အ အ မလေး" ပါ။
မိန်းမဆိုတာ သင့်ကိုတခြားမိန်းကလေးအကြောင်းမပြောဖို့၊ မကြည့်ဖို့၊ မချီးကြူးဖို့ကို အမြဲပြောနေမယ့် " သဝင်ကြောင်မလေး" ပါ။
မိန်းမဆိုတာ ဖုန်းထဲမှာ သင်ပို့သမျှ message ကို သိမ်းထားပြီး အကြိမ်ကြိမ်ပြန်ဖတ်ပြီးပျော်နေတတ်တဲ့ "အချစ်ရူးမလေး" ပါ။
မိန်းမဆိုတာ သင်ဘယ်ဘောင်းဘီလေးတွေ့ခဲ့လို့ကြိုက်တယ်ပြောမိရင် တစ်မြို့လုံးမရမကရှာပြီးဝယ်ပေးမယ် ပြီးတော့ လမ်းကြုံတွေ့လို့ဝယ်ပေးခဲ့တယ်လို့ပြောမယ့် "အပိုတွေမပြောတတ်တဲ့ မုသားမလေး" ပါ။
မိန်းမဆိုတာ သင်သူမဘေးမှာမရှိချိန်မှာ သင့်ကိုအရမ်းသတိရပြီး ဖုန်းကိုကိုယ်နဲ့မကွာထားကာ နေ့တိုင်းဖုန်းမျှော်နေတတ်တဲ့ "သနားစရာ မိန်ကလေး" ပါ။
မိန်းမဆိုတာ တခြားသူရဲ့ညစ်ပေနေတဲ့အိင်္ကျီကို မြင်တာနဲ့ ရွံတတ်ပေမယ့် .. သင်ရဲ့ နံစော်နေတဲ့ ခြေအိတ်စုံကို မငြီးမငြူလျှော်ဖွတ်ပေးတတ်တဲ့ "ငပေါမလေး" ပါ။
မိန်းမဆိုတာ သင့်ကို မကောင်းပြောတဲ့သူတွေနဲ့ အော်ကြီးဟစ်ကျယ်ရန်ဖြစ်နေမယ့် "ငစွာမလေး" ပါ။
မိန်းမဆိုတာ လူကြားမှာ ဘယ်လောက်ကြံ့ခိုင်ပြီး တော်နေပါစေ သင့်ရှေ့ရောက်ရင် ကလေးဆန်ဆန်ချွဲနွဲ့နေမယ့် "ကလေးမလေး" ပါ။
ယောက်ျားလေးများမှတ်သားကြပါ မိန်းမဆိုတာ သင် သူမရဲ့အနစ်နာကိုပဲခံရမယ်လို့ ခွင့်ပြုထားသူပါ...။
သူမရှိပြီးနေပြီမို့ တခြားမိန်းကလေးကိုသတိမရစေတော့တဲ့သူဟာ မိန်းမပါပဲ။
သူမအတွက် ဘယ်လောက်ကုန်ကုန်ကပ်စေးမနည်း သူမကြိုက်မယ်ဆိုရင် ဝယ်ပေးဖို့အသင့်ရှိနေတယ်ဆိုရင် သူမဟာ မိန်မပါပဲ။
သူမအတွက်နဲ့ အရင် က သင့်ရဲ့ယောက်ျားမာန အတ္တတွေကို လျော့ချပြီး လိုက်လျောတတ် အလျှော့ပေးတတ်နေပြီဆိုရင် သူမဟာ မိန်းမပါပဲ ..။
သူမရှေ့မှာ အိုးခွက်ပန်းကန်ဆေးနေရရင်တောင် အရမ်းခန့်တယ် လို့ခံစားမိရင် သူမဟာ မိန်းမပါပဲ ...။
သူမကြောင့် တာဝန်သိတတ်လာပြီး၊ သူမတစ်သက်လုံး စိတ်ချမ်းသာနေမယ်ဆိုရင် ဘယ်လောက်ပင်ပန်းပင်ပန်း ကျေနပ်နိုင်ခဲ့ပြီဆိုရင် သူမဟာ မိန်းမပါပဲ...။
သူမရဲ့ အအေးမိဖျားနာခြင်းကို စိတ်ပူတတ်ပြီး၊ သူမ ထမင်းတစ်ပန်းကန် ပိုစားရင်ကိုပဲ ပျော်ရွှင်မိမယ်ဆိုရင် သူမဟာ မိန်းမပါပဲ...။
သူမအတွက် မိုးအုံ့နေပြီဆိုတာနဲ့ ထီးမိုးပေးဖို့အမြဲသတိရနေပြီဆိုရင် သူမဟာ မိန်းမပါပဲ ...။
အထက်မှာပါတဲ့အချက်တွေအားလုံး ရှိမယ်လို့မဆိုလိုပါဘူး .. ဒါပေမယ့် တော်တော်များများဟာ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာ တွေ့ရပါလိမ့်မယ်... " မျက်စိရှေ့မှာရှိပြီးသားသူ ကို တန်ဖိုးထားတတ်ရမယ်
... တန်ဖိုးထားတတ်တဲ့သူကနားလည်လာမှာပါ တန်းဖိုးထားတတ်ပြီးဆိုရင် သာယာတဲ့ဘဝကိုပိုင်ဆိုင်ပြီပဲ။   ။


 

By ဟိုကောင်းလေး 

Thursday, July 26, 2012

မေမေ















အမေ - သား... တကယ်လို့ အမေမျက်စိမမြင်တော့ရင် သားဘာလုပ်မလဲ ...
သား - သားအမေ့ကို သားတို့နိုင်ငံရဲ့ အ ကောင်းဆုံးဆေးရုံကိုခေါ်သွားပြီးကုမယ်....
အမေ - အဲ့လိုကုလို့မှ မပျောက်ခဲ့ဘူးဆိုရင်ရော ..သား - အဲ့ဒါဆိုရင် ကမ္ဘာပေါ်မှာ အကောင်းဆုံးဆေးရုံရှိတဲ့နေရာကို ခေါ်သွားပြီး အမေ့ကိုကုပေးမယ်..
အမေ - ကောင်းပါပြီကွယ်... အဲ့ဒီလို ထပ်ကုလို့မှ အမေ့မျက်စိမမြင်ရသေးဘူး ဆိုရင်သားဘာဆက်လုပ်မလဲ...သား - ဒါဆို သားအမေ့ကို တစ်သက်လုံးပြုစုစောင့်ရှောက်မှာပေါ့.... အမေ - ဒါမှအမေ့သား...... သားကို အမေအရမ်းချစ်တယ်....
သား - အမေ တကယ်လို့ သားမျက်စိမမြင်ရတော့ဘူးဆိုရင် အမေကောဘာလုပ်မလဲဟင်..အမေ - အမေ့မျက်လုံးတွေ သားကို ပေးလိုက်မှာပေါ့.. သားရယ်..




သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား??

"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့...""ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ..အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ...."
ထမင်းဝိုင်းမှ အမေအိုကြီး၏ အကူအညီတောင်းသံသည် သားဖြစ်သူ၏အော်ငေါက်သံနောက်တွင် တိုးလျှိုးပျောက်ကွယ်သွား၏...အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာမရှိတော့...ဇရာ၏ နှိပ်စက်မှုသည် သူမတစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်.. သူမ၏ အတွေးများသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့တရွေ့ရွေ့ ပြန်ရောက်သွားသည်...
သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင်ပေါ်တွင်လည်း ပြန့်ကျဲကျလျှက်....ထိုဟာများကို ရှင်းရသည့်အပြင် အရိုးစူးမှာ စိုး၍ အရိုးနွှင်ပေးရသည်....နွှင်ပေးသည့်ကြားက မတော်တဆ သား အရိုးစူးသည့်အခါ အရိုးမြန်မြန်ကျစေဖို့ ငှက်ပျောသီးချော့ကျွေး၍သား၏ရင်ဘတ်လေးကို ကြင်ကြင်နာနာသပ်ပေးပြီး မိမိ၏ သေချာဂရုမစိုက်မှုအတွက်ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံးဖြစ်ခဲ့ရသည်...ခုသူမကိုတော့သားသည်ထိုသို့မဟုတ်ခဲ့....သားရေချိုးသည့်အခါ ရေဇလုံထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာစိုး၍ ထိန်းကျောင်းပေးခဲ့ဂရုတစိုက် ရေချိုးပေးခဲ့ရသည့် သူမ.. ခု ရေချိုးခန်းထဲရှိရေညှိများဖြင့် ချောနေသောကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ်ရှင်းလင်းပေးရမှန်း သားသတိမထားမိခဲ့...
ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့် သူမအတွက် "သားကိုယ်တိုင်သွေးထားတာမေမေလိမ်းဖို့ "ဆိုသည့်အပြောမျိုး သားပါးစပ်ဖျားကထွက်ကျလာသည်ကို သူမလိုချင်မိသည်...သို့သော် ငယ်စဉ်က သားကိုပေါင်ပေါ်တင်၍ မိမိသွေးထားသည့် သနပ်ခါးကို သားမျက်နှာပေါ် ကိုယ်တိုင်ကိုယ်ကျ ပါးကွက်ညီညီလိမ်းပေးတတ်သည့်အချိန်များကို သားမမှတ်မိတော့....သားလက်သည်းခြေသည်းလေးတွေကိုတပတ်တခါ ညှပ်ပေးတိုင်း အသားလေးကို ညှပ်မိမှာစိုး၍ ဂရုတစိုက် ညှပ်ပေးခဲ့သည့် သူမမေတ္တာ...တခါတရံအသားကိုညှပ်မိ၍ သားဆီမှ စူးခနဲထွက်ပေါ်လာသည့် ငိုသံသည် သူမရင်ကိုဗလောင်ဆူအောင် ပြာယာခတ် စေခဲ့မှန်းသားမသိခဲ့.....ခုသူမလက်သည်းခြေသည်းတွေ ရှည်လာတော့ သားကိုယ်တိုင် မိမိကို ဂရုတစိုက်ညှပ်ပေးတာမျိုး တမ်းတမိသည်...သို့သော် "ဒါလေးလုပ်တာများ အမေရယ် ကိုယ်တိုင်ပဲညှပ်လိုက်ပါလားသားမအားဘူး"ဆိုသော သားအပြောအောက်တွင် သူမ၏စိတ်ကူးလေးများပျောက်ပျက်သွားခဲ့ရသည်.....
ကလေးပီပီ ကစားကွင်းသွားရတာ နှစ်သက်သော သားအတွက် တပတ်တခါ အလုပ်အားရက်သည် သားနှင့်အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ဖြစ်ခဲ့သည်...ပျော်ရွှင်မြူးတူးနေသောသားကိုကြည့်ရင်းသူမရင်ထဲတွင် တပတ်လုံး လုပ်ခဲ့သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်... ခုချိန်ဘုရားသွားချင်၍ "သားဘယ်နေ့အားလဲ အမေ့ကိုလိုက်ပို့ပါလား"ဟူသော မျှော်တလင့်လင့်အမေးကိုအလုပ်အားရက်တိုင်းသူငယ်ချင်းများနှင့် Golf သွားကစားတတ်သော သား၏ အချိန်များကသားကိုယ်စားအဖြေပေးခဲ့သည်....သားငယ်စဉ်ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှ စာများကို "မေမေဒါဘာရေးထားတာလဲဟင် သားကိုဖတ်ပြ " ဟူ၍ တွတ်တီးတွတ်တာ မေးတတ်သည်.... မိမိ အတွက် သားမေးတိုင်းကျောင်းမနေရသေးဘူး ငါ့သားက စာတွေစိတ်ဝင်စားနေပြီဟူသောပီတိဖြင့် သားကို ဖတ်ပြရ ရှင်းပြရသည်မှာအမောတစ်ခုဟု မထင်မှတ်ခဲ့.....ခု သူမ မျက်လုံးများ ဇရာ၏ နှိပ်စက်မှုအောက်တွင် အရာရာကိုကြည့်ရမြင်ရသည်မှာ မှုန်တ၀ါးဝါး...သားကို ဘာရေးထားသည်လဲမေးတော့သားနှုတ်ဖျား မှထွက်ကျ လာသည့် " ဒီလောက်စာလုံးကြီးကြီးနဲ့ရေးထားတာ မမြင်ရဘူးလား အမေရာ "ဆိုသောစိတ်မရှည်သောသား၏အော်သံသည်မာရသွန်ပြေးပြီး ပြန်လာသောကစားသမား တစ်ယောက်ထက် သူမရင်ကို ပို အမောဆို့စေခဲ့သည်....သားငယ်ငယ်က ညအိပ်ခါနီးတိုင်း မိမိပုံပြင်စာအုပ်လေးတွေဖတ်ပြမှ သားအိပ်ပျော်တတ်သည်...သူမသည် သားအတွက် ပုံပြောဆရာမတစ်ဦးဖြစ်ခဲ့သည်...သားမေးသမျှကိုစိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်..ခုတရားစာအုပ် လေးဖတ်ချင်သည့်အခါ သားကိုအကူညီတောင်းမိတော့ "အမေကလည်းတရားခွေတွေ ရှိတာပဲနားထောင်ပါလား " ဟူသော သား၏အပြောသည် မှုန်ဝါးဝါးဖြစ်နေသောသူမ၏ မျက်လုံးအစုံကို ခေတ္တခဏ မိုးရွာစေခဲ့သည်.... သားသည် သူငယ်စဉ်ဘ၀မိမိဂရုစိုက်မှုများကိုမေ့လျော့နေခဲ့သည်...မိမိ၏ လက်ရှိအသက်အရွယ်သည် လူ့ဘ၀၏နေ၀င်ချိန်ရောက်နေပြီဆိုတာကို သားသတိမထားမိခဲ့...ဇရာထောင်းလာသော သူမအတွက် အစစအရာရာသည် ငယ်စဉ်ကလေးဘ၀လို သူတစ်ပါးအကူအညီမပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည်ဆိုတာ သားမသိ....အကူအညီပေးသော ထိုသူတစ်ပါးသည် မိမိရင်မှမွေးဖွားခဲ့သော တစ်ဦးတည်းသောသားလေး ဖြစ်စေချင်သည်ကို သားမေ့နေခဲ့သည်....ထိုဆန္ဒသည်အသက်အရွယ်ကြီးရင့်၍ လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကိုဒုက္ခပေးလိုခြင်း မဟုတ်...
သားရင်ခွင်ထဲတွင်နေ၍ သား၏ ပြုစုမှုကို တောင့်တမိသည်...ကြင်နာမှုကို လိုချင်မိသည်..
သား၏မေတ္တာကို မျှော်လင့်မိသည်....မိမိဘ၀၏နောက်ဆုံးအချိန်များကို သား၏ ကြင်နာနွေးထွေးသောဂရုစိုက်မှုများအောက်တွင် ကုန်ဆုံးချင်မိသည့် မိဘတစ်ယာက်၏ စိတ်ဆန္ဒသပ်သပ်သာဖြစ်သည်....
သို့သော် အထီးကျန်ဆန်လှသော သူမ၏ ဘ၀သည် သူမ၏စိတ်ကူးနှင့် လွန်စွာခြားနားလှသည်....မိမိ ရင်ခွင်ထဲတွင် ပျော်ရွှင်မြူးတူးဆော့ကစားနေခဲ့သော သား၏ ငယ်စဉ်ကာလ ပုံရိပ်လေးကိုပြန်လည်မြင်ယောင်ရင်း သူမ၏ မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှိ ထမင်းပန်းကန်ထဲသို့ ပေါက်ခနဲ...................
"သင်၏ ကြင်နာနွေးထွေးသောမေတ္တာတရားကို သင်၏မိဘများ မျှော်လင့်နေကြသည်"


စနေဖြိုး {S@n@y Phyo} မှတစ်ဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါသည် 


Saturday, July 14, 2012

Carrots, eggs, and coffee

တစ်ခါတုန်းကပေါ့ ။ ကောင်မလေးတစ်ယောက်က သူ့မိခင်ဆီသွားပြီး သူမဘ၀ အကြောင်း အရာအားလုံးဟာ သူမအတွက်ခက်ခဲပြီး ပြဿနာမျိုးစုံကြုံတွေ့နေရကြောင်းသွားပြောခဲ့တယ် ။ ဘယ်လို ဖြေရှင်းရမှန်းလည်းမသိခဲ့သလို အခုအချိန်မှာ အရာရာကို အရှံပေးချင်နေပြီလို့ ကောင်မလေးက မိခင်ကိုပြောဆိုခဲ့တယ် ။ အခုအချိန်မှာ ကောင်မလေးဟာ တိုက်ခိုက်ရန်မူလိုစိတ်နဲ့ ရုန်းကန်လှုပ်ရှားလိုစိတ်တွေသာ ပြည့်နေဲ့တယ် ။ ပြဿနာ တစ်ခုဖြေရှင်းလို့မပြီးခင်မှာပဲ နောက်ပြဿနာတစ်ခုက သူမကို အသင့်စောင့်ပြီးကြိုနေတတ်တယ် ။

သူမမိခင်က အဲဒီအကြောင်းတွေကြားရတဲ့အခါကောင်မလေးကို မီးဖိုချောင်ထဲခေါ်ဆောင်သွားခဲ့တယ် ။ မိခင်က အိုးသုံးလုံးထဲမှာ ရေထည့်ပြီး မီးပြင်းပြင်းအပေါ်မှာ တင်လိုက်တယ် ။ မကြာခင်မှာ အိုးတွေက ဆူပွက်လာခဲ့တယ် ။ ပထမဆုံးအိုးမှာ မိခင်က မုန်လာဥတွေထည့်လိုက်တယ် ။ ဒုတိယအိုးမှာ ကြက်ဥတွေထည့်လိုက်တယ် ။ နောက်ဆုံးတတိယအိုးမှာတော့ ကော်ဖီစေ့တွေထည့်လိုက်တယ် ။ ပြီးတော့ အိုး၃ အိုးစလုံးဆူပွက်နေတဲ့အထိ သူမမိခင်က ကောင်မလေးကို ဘာစကားမှ မပြောစေပဲ ထိုင်ကြည့်နေစေခဲ့တယ် ။ မိနစ် ၂၀ လောက်ကြာပြီးတဲ့အခါ မီးဖိုတွေကို ပိတ်ပစ်လိုက်တယ် ။ မုန်လာဥတွေကို ဆယ်ယူပြီး ပန်းကုန်လုံးအလွတ်တစ်ခုထဲထည့်တယ် ။ ကြက်ဥတွေကိုလည်း အပြင်ကို ဆယ်ထုတ်လိုက်တယ် ပြီးတော့ ပန်းကန်လုံးအလွတ်ထဲထည့်တယ် ။ ဟင်းခတ်တဲ့ယောက်ချိုဇွန်းနဲ့ ကော်ဖီတွေကို ဆယ်ယူပြီး ပန်းကန်လုံးထဲထည့်လိုက်တယ် ။ ပြီးတော့ မိခင်က သမီးဖြစ်သူကောင်မလေးဖက်လှည့်ပြီးမေးလိုက်တယ် ။ “ သမီးဘာမြင်လဲ မေမေ့ကိုပြော ”

“ မုန်လာဥ ၊ ကြက်ဥ နဲ့ ကော်ဖီ ” လို့ ကောင်မလေးပြန်ဖြေတယ် ။

မိခင်က ကောင်မလေးကို နီးကပ်စွာ ခေါ်ယူလိုက်ပြီး မုန်လာဥတွေကို ကိုင်ကြည့်ဖို့ပြောတယ် ။ ကောင်မလေးက ကိုင်ကြည့်ပြီးပျော့ပျောင်းနေတယ်ဆိုတာ ခံစားမိလိုက်တယ် ။ ပြီးတော့မိခင်က ကောင်မလေးကို ကြက်ဥကို ကိုင်ခိုင်းပြီး ခွာခိုင်းတယ် ။ အခွံကိုခွာပြီးတဲ့အခါ ပြုတ်ထားတဲ့မာကြောသော ကြက်ဥကိုတွေ့လိုက်တယ် ။ နောက်ဆုံးမိခင်က ကော်ဖီကို တစ်ငုံလောက် သောက်ဖို့ပြောခဲ့တယ် ။ ကောင်မလေးကပြုံးပြီးကော်ဖီကို စမ်းသပ်ပြီးသောက်တဲ့အခါမွှေးကြိုင်တဲ့ ရနံ့တွေရှိတယ်ဆိုတာ သတိပြုမိခဲ့တယ် ။ ကောင်မလေးက မိခင်ကိုမေးတယ် ။ “ အဲဒါဘာကိုဆိုလိုတာလဲဟင် အမေ ”

မိခင်က ဒီပစ္စည်းသုံးမျိုးကို လက်ရှိ အရှိတရားပေါ်မူတည်ပြီး ရှင်းပြခဲ့တယ် ။

“ ဒီအရာ ၃ ခုလုံးက ဆူပွက်နေတဲ့ရေမှာ ဓါတ်ပြုခဲ့တာခြင်းအတူတူပါပဲ ။ ဒါပေမယ့် မတူညီသော ဖြစ်စဉ် ဓါတ်ပြုခြင်း (Reaction ) တွေဖြစ်ခဲ့တယ် ။ မုန်လာဥရဲ့ နဂိုဂုဏ်သတ္တိဟာသန်မာတယ် ၊ မာကြောတယ် အလွယ်တကူ မကျိုးနိုင်ဘူး ဒါပေမယ့် ဆူပွက်နေတဲ့ရေနဲ့ ထိတွေ့လိုက်တဲ့အခါ ပျော့ပြောင်းလာာပြီး အားနည်းလာတယ် ။

ကြက်ဥကတော့ ကွဲအက်လွယ်တယ် ။ သူ့အတွင်းမှာ အရည်တွေနဲ့ဖွဲ့စည်းထားတဲ့ အပြင်အလွှာပါးလေးရှိတယ် ဒါပေမယ့် ဆူပွက်နေတဲ့ရေမှာ ထည့်ပြီး ပြုတ်လိုက်တဲ့အခါ အတွင်းပိုင်းဟာ မာကျောလာခဲ့တယ် ။

ဒါပေမယ့်လည်း မြေကြီးပေါ်က ရတဲ့ကော်ဖီစေ့တွေကတော့ အတုယူဖွယ်ရာပါပဲ ။ ဆူပွက်နေတဲ့ရေထဲထည့်ပြီးတဲ့အခါ သူတို့ဟာ အဲဒီရေကို မွှေးကြိုင်တဲ့ ကော်ဖီရည်အဖြစ်ပြောင်းလဲနိုင်ခဲ့တယ် ။ ကဲ သမီးကရော ဘယ်လိုလူမျိုးလဲကွယ် ” လို့ မိခင်က သမီးကိုမေးခဲ့တယ် ။

________________________________________________________

သင်တို့ရောတွေးဖူးကြလား ? မုန်လာဥလို လူလား ၊ ကြက်ဥလိုလူလား ၊ ကော်ဖီစေ့လို လူလား ?

ပြဿနာတွေ အခက်အခဲတွေနဲ့ ဘ၀မှာ ကြုံတွေ့နေရတဲ့ လောကဓံတွေကို ကျွန်တော်တို့ က ဆူပွက်နေတဲ့ရေတွေအဖြစ်မှတ်ယူကြပါစို့ ။ ကိုယ်ဟာ နဂိုကတည်း ကစိတ်ဓါတ်မာကျောသူ အလွယ်တကူ အရှုံးမပေးသူ ဖြစ်ပေမယ့် ဒီလို ပြဿနာတွေ အခက်အခဲတွေနဲ့ ကြုံတွေ့တဲ့အခါ မုန်လာဥ လိုမျိုး ပျော့ပြောင်းသွားမလား ။ အလွယ်တကူ ဆူပွက်နေတဲ့ ရေ ရဲ့ ဓါတ်ပြုခြင်းကိုခံလိုက်ပြီး ကိုယ့်ရဲ့ ဂုဏ်သတ္တိကိုပျက်ပြယ်စေမှာလား ။

ဒါမှမဟုတ်ကိုယ်ဟာ ကြက်ဥတစ်လုံးဖြစ်တယ်ဆိုပါစို့ ။ နဂိုကတည်းကကိုယ့်အတွင်းစိတ်ဟာ ပျော့ပြောင်းတယ် နူးညံ့တယ် ဒါပေမယ့် အခက်အခဲ ပြဿနာပေါင်းစုံနဲ့ကြုံတွေ့လာတဲ့အခါ ကိုယ့်အတွင်းစိတ်ဟာ အဲဒီလောကဓံတွေကြောင့် မာကျောခံစေမှာလား ။ ရိုင်းစိုင်းကြိမ်းကြုတ်စေမှာလား ။

ကဲ ကိုယ်ဟာ ကော်ဖီစေ့လေးလိုကျင့်ကြံမလား ။ ဘယ်လိုပဲ ခက်ခဲတဲ့လောကဓံ နဲ့ ပြဿနာတွေနဲ့ကြုံတွေ့နေပါစေ အဲဒီပြဿနာတွေကို အကောင်းဆုံး နစ်မျောပျော်ဝင်လို့ မွှေးကြိုင်တဲ့ ရနံ့တွေနဲ့ ကော်ဖီရည်လေးဖြစ်အောင်စွမ်းဆောင်နိုင်ရမယ် ။ ဘယ်လောက်ပဲ ဆူပွက်နေတဲ့ ရေဖြစ်ပါစေ ကိုယ့် နဲ့တွေ့တဲ့အခါ မွှေးကြိုင်တဲ့ ရနံ့လေးနဲ့ အရသာရှိတဲ့ ကော်ဖီရည်လေးဖြစ်အောင်သာ စွမ်းဆောင်ကြပါစို့ ။

ဒါကြောင့် အခက်အခဲ ပြဿနာ ပေါင်းစုံနဲ့လောကဓံရဲ့ရိုက်ပုတ်မှုတွေကြုံလာရတဲ့အခါ

၁ ။ ကိုယ်ဟာ အားပျော့သွားသူ အရှုံးပေးသွားသူမဖြစ်ရဘူး
၂ ။ ကိုယ်ဟာ ရိုင်းစိုင်းသွားသူ မာကြောခက်ထန်သွားသူမဖြစ်ရဘူး
၃ ။ အရာရာကို အကောင်းဆုံးဖြေရှင်းလို့ မွှေးကြိုင်တဲ့ ကော်ဖီရနံ့အရသာလေး ထွက်ပေါ်လာနိုင်အောင် ကြိုးစားနေထိုင်ကြပါစို့ ။

သက်တန့်ချို
Carrots, eggs, and coffee အား ဘာသာပြန်ခံစားသည် 

Thursday, March 1, 2012

လူကိုနွေးထွေးစေတဲ့ စကားငါးခွန်း


(၁) တန်ဖိုးထားထိုက်ဆုံးစကားတစ်ခွန်း "နင့်ကိုငါချစ်တယ်"


ဒီစကားတစ်ခွန်းကို သင်ကြားလိုက်ရပြီဆိုရင် သင်ဟာတခြားသူရဲ့ချစ်ခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။ လောကမှာ အချစ်ခံရထက်တာ ပိုချိုမြိန်၊ ပျိုပျော်ရွှင်တဲ့အရာ ရှိနိုင်ဦးမလား? တကယ်လို့ ဒီလိုစကားတစ်ခွန်းကို သင်လည်း ပြောလိုက်ပြီဆိုရင် စိတ်ကူးထဲကအဖော်ကို သင်ရှာတွေ့ပြီဖြစ်ကြောင်း ပြနေပါတယ်။ လူ့ပင်လယ်ထဲမှာ ကူးခပ်ရင်း တစ်နေ့နေ့ တစ်ချိန်ချိန် သင်မျက်စိဖြတ်ခနဲအလက် "ဟော.. သူ(သူမ)ပဲ!"ဆိုတဲ့ အဖော်ကို သင်တွေ့သွားခဲ့တယ်။ အချစ်ရှိပြီဆိုရင် အထီးမကျန်တော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မလေတော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မတွေဝေတော့ဘူး။ အချစ်ရှိပြီဆိုရင် ပေါ့ပေါ့နေလို့မဖြစ်တော့ဘူး။ အချစ်က ရွေးချယ်ခြင်းတစ်မျိုး၊ အချစ်က ပျော်ရွှင်ခြင်းတစ်မျိုး၊ အချစ်က အားအင်တစ်မျိုး၊ အချစ်က တာဝန်တစ်မျိုး... ဖြစ်ပါတယ်။


(၂) နှစ်သိမ့်ထိုက်ဆုံးစကားတစ်ခွန်း "အခုပဲလာခဲ့မယ်"

လူတိုင်းမှာ အကူအညီလိုတဲ့အချိန်တွေ ရှိပါတယ်။ တစ်ပတ်လောက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး နားရက်မှာ သင်အနားယူနေတုန်းရုတ်တရက် အိမ်ကရေစက်ခေါင်းပျက်သွားတယ်။ ရေပိုက်ပြင်သမားကို သင်ချက်ချင်းဖုန်းဆက်တော့ သူက "ကျွန်တော် အခုပဲလာခဲ့မယ်"လို့ ပြန်ဖြေတဲ့အချိန် သင့်စိတ်သက်သာရာရသွားတယ်။ သင်ကားမောင်းနေတုန်း လမ်းတစ်နေရာမှာ ရုတ်တရက် ကားပျက်သွားတယ်။ နောက်ကားတွေက သင့်ကားနောက်တန်းစီပြီး ဟွန်းအဆက်မပြတ်တီးနေတယ်။ သင်စိတ်ပူပန်လှုပ်ရှားပြီး သူငယ်ချင်းတစ်ယောက်ကို သင်ဖုန်းဆက်တယ်။ သူငယ်ချင်းရဲ့ "ငါအခုပဲလာခဲ့မယ်"ဆိုတဲ့စကားက သင့်ရင်ထဲက အစိုင်အခဲကို ပြေလျော့သွားစေပါတယ်။


(၃) လူကိုယုံကြည်မှုတိုးစေဆုံး စကားတစ်ခွန်း "မင်းလုပ်နိုင်တယ်ဆိုတာ ငါယုံတယ်"

ဆရာတစ်ဦးက ကျွန်တော့်ကိုပြောပြဖူးတယ်။ ကျောင်းသားတွေကို သူအချက်ကျကျ ကိုင်တွယ်နည်းက ကျောင်းသားတွေနဲ့ အမြဲတမ်း နှစ်ကိုယ်ကြား ဆွေးနွေးတာပဲဖြစ်တယ်။ အမှတ်ကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ်၊ အမှတ်မကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ်ဆရာအမြဲပြောလေ့ရှိတာက "မင်းလုပ်နိုင်တယ်ဆိုတာ ဆရာယုံတယ်"ဆိုတာပဲဖြစ်တယ်။ ဒါကြောင့် သူသင်ဖူးတဲ့ ကျောင်းသားတိုင်းလိုလိုဟာ မိမိကိုယ်ကိုယ်ယုံကြည်စိတ် အပြည့်ရှိသူတွေဖြစ်တယ်။ "လုပ်နိုင်သူ"တွေက "ပိုလုပ်နိုင်"ခဲ့ကြပြီး "မလုပ်နိုင်သူ"တွေလည်း "လုပ်နိုင်"ခဲ့ကြတယ်။

ဆွန်ယက်ဆင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော်အမှတ်ရမိပါတယ်။

"စိတ်ထဲမှာ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိရင် တောင်ကိုရွေ့တာပဲဖြစ်ဖြစ်၊ ပင်လယ်ကို မြေဖို့တာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ပြီးမြောက်အောင်လုပ်နိုင်တယ်။ တကယ်လို့ စိတ်ထဲမှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်မှုရှိရင် လက်ဖဝါးလှည့်တာ၊ သစ်ကိုင်းကိုချိုးတာလောက် လွယ်ကူတဲ့အလုပ်ကိုတောင် ပြီးမြောက်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး"

ကျောင်းသားတွေမှ မဟုတ်ပါဘူး။ လူကြီးတွေလည်း အဲဒီလိုပဲဖြစ်တယ်။ လူတစ်ယောက်ဟာ အခက်အခဲကြုံချိန်၊ အမှားလုပ်မိချိန်၊ ဒါမှမဟုတ် တွေဝေဆုံးဖြတ်ရခက်နေချိန်မှာ သူ့ရဲ့လမ်းညွှန်သူ ဒါမှမဟုတ် သူ့သူငယ်ချင်းက "မင်းကို ငါယုံတယ်"၊ "မင်းလုပ်နိုင်တယ်ဆိုတာ ငါသိတယ်"ဆိုတဲ့စကားတစ်ခွန်း ပြောပေးရုံနဲ့ သူ့ကိုသတ္တိအင်အားတွေ ပြန်လည်ပြည့်တင်းစေပါတယ်။


(၄) အတင်းအဖျင်းကို ပထုတ်နိုင်ဆုံးစကားတစ်ခွန်း "မင်းလမ်းမင်းလျှောက် သူတို့ပြောချင်ရာ ပြောပါစေ"

ကျွန်တော့်ဖခင် ကျွန်တော်ကိုစကားတစ်ခွန်းပြောဖူးတယ်။

"တကယ်လို့ တခြားလူ မရယူနိုင်တဲ့အရာကို သားရယူချင်ရင် သူတို့မပေးဆပ်နိုင်တဲ့အရာကို သားပေးဆပ်ရလိမ့်မယ်။ တကယ်လို့ တခြားလူအနားယူချိန် သားလည်းအနားယူမယ်၊ တခြားလူအလုပ်လုပ်ချိန်မှ သားအလုပ်လုပ်မယ်။ တခြားလူ ဘဝကို ဘယ်လိုဖြတ်သန်းရင် သားလည်းသူတို့အတိုင်း ဖြတ်သန်းမယ်ဆိုရင် သူတို့ရတာပဲ သားရလိမ့်မယ်"

ဘဝမှာ အောင်မြင်သူတွေဟာ တခြားလူထက် ဝေးဝေးကြည့်တယ်၊ တခြားလူထက် နက်နက်တွေးတယ်၊ တခြားလူထက် ပိုအလုပ်လုပ်တယ်။ အဲဒီလိုပဲ အတင်းအဖျင်း၊ ကောလဟာလတွေလည်း သူတို့နဲ့အဖော်ပြုတာ ခံရတယ်။ ဒါကြောင့် တခြားလူဆီကနေ မတူတဲ့အသံကိုကြားရတဲ့အခါ ကိုယ့်ရဲ့ပြုမူပြောဆိုမှုကို ဆန်းစစ်ရသလို၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုလည်း ပိုခိုင်မြဲအောင်လုပ်ရပါတယ်။

လူရွန်းပြောသလိုပါပဲ..."သူတို့ပြောချင်ရာ ပြောပါစေ... ကဲ့ရဲ့ဝေဖန် အတင်းအဖျင်းပြောသူတွေရဲ့ ချီးကျူးစကားက ကိုယ်အောင်မြင်မှုရပြီးချိန်မှ ကြားရတတ်တဲ့ စကားဖြစ်တယ်"။


(၅) ပြောရအခက်ဆုံးနဲ့ သဘောထားကွဲလွဲမှုကို အဖြေရှင်းနိုင်ဆုံး စကားတစ်ခွန်း "မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်"

ဒီလိုစကားတစ်ခွန်းက တိုက်ပွဲထဲကလူတစ်ယောက်ကို လက်နက်ချခိုင်းသလိုပါပဲ.. ငြင်းခုန်ရန်ဖြစ်ပွဲမှာ အမှားကိုဝန်ခံတာဟာအရမ်းမျက်နှာသာမဲ့စေတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် အခြေအနေ တော်တော်များများမှာ ဒီလိုစကားတစ်ခွန်းက ဒေါသကြောင့် တောက်လောက်မယ့်မီးကို အချိန်မီ ငြိမ်းစေနိုင်သလို၊ ပွက်လောရိုက်နေတဲ့ဦးနှောက်ကို ချုပ်ငြိမ်းစေနိုင်သလို၊ ချိန်ရွယ်ထားတဲ့ လက်သီးကို ဖြည်လျော့စေနိုင်သလို၊
ကွဲပြားတဲ့အတွေးအမြင်ကို တစ်နေရာတည်းမှာ စုဆုံစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာနဲ့ ဆုံးရှုံးမှုကို ကာကွယ်တားဆီးနိုင်သလို အဖွဲ့ရဲ့စည်းလုံးခြင်းနဲ့ တည်ငြိမ်ခြင်းကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

ဒီလိုစကားတစ်ခွန်းက မိသားစုအငြင်းပွားမှုမှာ ပိုအသုံးဝင်ပါတယ်။ လင်မယားကြားမှာ ကိစ္စသေးသေးမွှားမွှားနဲ့ စကားများရန်ဖြစ်တဲ့အခါ
 တကယ်လို့ တစ်ယောက်ယောက်က ဒီစကားကိုအရင်ဆုံးပြောလိုက်ရင် သဘောထားကွဲလွဲမှုကို ရပ်တန့်စေနိုင်ပါတယ်။ နှစ်ဦးနှစ်ဖက် သွေးအေးသွားမှ ပြဿနာရဲ့အရင်းအမြစ်ကိုရှာပြီး ဖြေရှင်းနိုင်ပါတယ်။ အချင်းချင်းချစ်ကြိုက်လို့ အတူတကွပေါင်းဖက်ကြပြီးမှ ပြဿနာအသေးအမွှားနဲ့ ဘာကြောင့် နှစ်ဦးနှစ်ဖက် ဒဏ်ရာရထိခိုက်အောင် ပြောဆိုငြင်းခုန်ကြမလဲ? "မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်" ဆိုတဲ့စကားတစ်ခွန်းက ဘာမှကို မဆုံးရှုံးစေနိုင်ပါဘူး။


မူရင်း--http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110715/192742.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်

Wednesday, February 8, 2012

မေးခွန်းလေး {၂}ခု


ကျောင်းတက်ခေါင်းလောင်းထိုးတော့ ဆရာကအတန်းထဲဝင်လာပြီး ကျောင်းသားတွေကို အေဂျင့်တစ်ခုက လေ့လာဆန်း
စစ်ချက်တစ်ခုအတွက် ဆရာ့ကိုအကူအညီတောင်းခဲ့တယ်။ ကျေးဇူးပြုပြီး ဒီမေးခွန်းတွေကို ဖြေပေးကြပါ" လို့ ပြောတယ်။
အမေးအဖြေ ဖြေရတာက စာသင်တာထက်ပိုစိတ်ဝင်စားဖို့ ကောင်းတာမို့ ကျောင်းသားတွေအသီးသီး စာရွက်ယူပြီး
ကြည့်လိုက်ကြတယ်။ စာရွက်ပေါ်မှာမေးခွန်းနှစ်ခု မေးထားတယ်။


မေးခွန်း(၁)
သူမကို သူအရမ်းချစ်တယ်။ သူမဟာ သွယ်လျလျမျက်နှာ၊ လခြမ်းပုံ မျက်ခုံးမွေး၊ ဖြူဖွေးတဲ့အသားအရည်နဲ့ လှပသူဖြစ်
တယ်။ ဒါပေမယ့် တစ်နေ့မှာ မတော်တဆကားတိုက်မှုကြောင့် သူမမျက်နှာ အရုပ်ဆိုးအကျည်းတန်သွားတယ်။
ရုပ်ဆိုးသွားတဲ့သူမကို အရင်လို သူဆက်ချစ်နိုင်ပါ့မလား?

(A) ချစ်နိုင်တယ်
(B) မချစ်နိုင်ဘူး
(C) ချစ်နိုင်မယ် လို့ ထင်ပါတယ်။


မေးခွန်း (၂)
သူ့ကို သူမအရမ်းချစ်တယ်။ သူက ရုပ်ချောခန့်ညားပြီး အောင်မြင်တဲ့စီးပွါးရေးသမား တစ်ဦးဖြစ်တယ်။ ဒါပေမယ့် တစ်နေ့
မှာ ရုတ်တရက်သူ့စီးပွါးပျက်သွားတယ်။ ကျရှုံးသွားတဲ့သူ့ကို သူမ အရင်လိုဆက်ချစ်နိုင်ပါ့မလား?

(A) ချစ်နိုင်တယ်
(B) မချစ်နိုင်ဘူး
(C) ချစ်နိုင်မယ် လို့ ထင်ပါတယ်။


တအောင့်ကြာတော့ ကျောင်းသားတွေက ဖြေထားတဲ့စာရွက် ဆရာကိုပြတယ်။ ဆရာစာရင်းပြုစုကြည့်တော့
မေးခွန်း (၁) ဖြေကြသူတွေထဲမှာ --

A လို့ဖြေသူ ၁ဝ%
B လို့ဖြေသူ ၁ဝ%
C လို့ဖြေသူ ၈ဝ%  တွေ့ရတယ်။

မေးခွန်း (၂) ဖြေကြသူတွေထဲ မှာ...

A လို့ဖြေသူ ၃ဝ%
B လို့ဖြေသူ ၃ဝ%
C လို့ဖြေသူ ၄ဝ%  တွေ့ရတယ်။


ဆရာက အဖြေတွေကိုကြည့်ပြီး "အင်း.. ကြည့်ရတာ မိန်းကလေးတွေ ရုပ်ပျက်သွားတာက ယောက်ျားလေးတွေ စီးပွါး
ပျက်သွားတာထက် ပိုသည်းမခံနိုင်ကြပါလား? ဒီမေးခွန်းနှစ်ခုမှာ အသိလေးပါတယ်။ သူတို့ကို ချစ်သူတွေဖြစ်မယ်လို့
တပည့်တို့ထင်ခဲ့ကြတယ် မဟုတ်လား!"

"ချစ်သူတွေလို့ ထင်ခဲ့တယ် ဆရာ"

"အင်း.. ဒါပေမယ့် သူတို့ကချစ်သူတွေပါလို့ မေးခွန်းမှာ ရေးမထားဘူးလေ"

ဆရာကဆက်ပြီး တည်ငြိမ်တဲ့အသံနဲ့ "ဒီမေးခွန်းထဲက လူနှစ်ယောက်ကို "မိဘ" နေရာမှာထားပြီး ဆရာတို့ စိတ်ကူး
ကြည့်ရအောင်.. မေးခွန်း(၁)ထဲက "သူ" ဟာသူမရဲ့ ဖခင်ဖြစ်တယ်။
မေးခွန်း(၂)ထဲက "သူမ" ဟာသူ့ရဲ့ မိခင် ဖြစ်တယ်။


ဒီမေးခွန်းကို ပြန်ဖြေခိုင်းရင် ဖြေခဲ့တဲ့ အဖြေအတိုင်း တပည့်တို့ထားနိုင်မလား?"

ဆရာက မေးခွန်းတွေကို ကျောင်းသားတွေရဲ့လက်ထဲ ပြန်အပ်ပြီး အဖြေရွေးခိုင်းခဲ့ပြန်တယ်။ စာသင်ခန်းတစ်ခုလုံး
တိတ်ဆိတ်နေပြီး ကျောင်းသားတွေရဲ့မျက်နှာပေါ်မှာ တည်ကြည်လေးနက်တဲ့ အရိပ်တွေ ထင်ဟပ်နေတယ်။ မိနစ်
အနည်းငယ်ကြာပြီးနောက် ဆရာက မေးခွန်းတွေစုပြီး စာရင်းစစ်ကြည့်တော့ မေးခွန်း(၂)ခု လုံးမှာ

(A) လို့ဖြေထားတဲ့ လူတွေ  ၁ဝဝ% ရှိခဲ့တယ်။

နောက်ဆုံးမှာ ဆရာက "လောကကြီးမှာ တည်ကြည်ခိုင်မြဲတဲ့ ချစ်ခြင်းတစ်မျိုးရှိတယ်။
အဲဒီအချစ်က တစ်ကိုယ်ကောင်းမဆန်သလို တုန့်ပြန့်မှုကိုလည်း မတောင့်တခဲ့ဘူး။
အဲဒီအချစ်က ရာသီဥတု အပြောင်းအလဲနောက်လိုက်ပြီး မပြောင်းလဲသွားတတ်သလို
ရာထူး၊ ဂုဏ်အရှိန်အဝါနောက် လိုက်ပြီးလည်း မျောပါမသွားတတ်ဘူး။ အဲဒီချစ်ခြင်းက ---- 

"မိဘတွေရဲ့ချစ်ခြင်းပဲဖြစ်တယ်" လို့ လေးလေးနက်နက် ပြောသွားခဲ့တယ်။ 

ရေးသားသူ - နိုင်းနိုင်းစနေ

Monday, January 23, 2012

After You (ဦးဘုန်း-ဓာတု)



ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့် လေယာဉ်ကို ကျွန်တော် စောင့်နေ ခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။ အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂၀လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာအကြာကြီးပဲ။ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြော နေတဲ့လူတွေကိုကြည့်ပြီး “အားနာမှုမရှိလိုက်ကြတာ”လို့ ခံစားရတယ်။
ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည် တွေသယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တို့တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီး တက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ် ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။သူဟာ အေးဆေးတည်ငြိမ်စွာပဲစာအုပ်တစ်အုပ်ကိုဖတ်နေတယ်။  လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီး အစား အသောက်လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက် တယ်။ တကယ်တော့ အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။
“After you”
အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။
“After you” တဲ့။
After ဆိုတာ... ပြီးနောက်။
you ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။
ဒီတော့... “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။
ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။
ကျွန်တော်ဟာ “After me” သမားပဲ။
ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့...။
ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။
ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။
လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့...။
အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့...။
ငါအဆင်ပြေဖို့...။
“After me”....
“After me”....
“After me”....
ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။
တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။
ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။
“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစား ဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့ တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။
အဖေက ၀င်ပြောတယ်။
“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့ မှတ်သင်္ကေတဟာ “After me” ပဲ။ “ အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ” ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေ များလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။
သူကလည်း ကိုယ့်အပေါ် “After you”။
ကိုယ်ကလည်း သူ့အပေါ် “After you”။
မိဘကလည်း သားသမီးအပေါ် “After you”
သားသမီးကလည်း မိဘအပေါ် “After you”
လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”
လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”
ဆရာကလည်း တပည့်အပေါ် “After you”
တပည့်ကလည်း ဆရာ့အပေါ် “After you”
အပြန်အလှန် “After you” ဆိုတဲ့....
ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။
ဦးဘုန်း(ဓာတု)
မန္တလေး

သစ်ထူးလွင် သတင်းမှကူးယူဖေါ်ပြသည်။

Thursday, January 12, 2012

ကလေးအတွေး

(၁)
အိမ်သို့ပြန်ရောက်လာသော ကလေးငယ်က မိခင်ကို သူ့အတွေ့အကြုံပြန်ပြောပြသည်။ “မေမေ…ဒီနေ့ ဘတ်စ်ကားပေါ်မှာ အန်တီကြီးတစ်ယောက်ရဲ့ ခြေထောက်ကို သားတက်နင်းမိလိုက်တယ်။ သားက တောင်းပန်လိုက်တယ်။ ဒါနဲ့ အန်တီကြီးက သားကိုချောကလက်တစ်ခု ထုတ်ကျွေးတယ်။ ”
“သားက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရောလား”
“ဟင့်အင်း….သူ့ရဲ့ နောက်ထပ် ခြေထောက်တစ်ဖက်ကို တက်နင်းလိုက်တယ်”
……………

(၂)
ကျွန်တော်တို့ လူမှုဆက်ဆံရေး နယ်ပယ်ထဲမှာ Handicapပေးထားရတဲ့သူတွေ ရှိပါတယ်။ Handicapဆိုတာက ပစားပေးထားတဲ့ သဘောကို ဆိုတာပါ။
ကစားပွဲတွေမှာဆိုရင်
အမှတ်ကြောပေးထားတာပေါ့။
ကိုယ်နဲ့စစ်တုရင်ထိုးမယ့်သူဟာ ကိုယ့်အောက်
နိမ့်ကျတဲ့ စွမ်းရည်ရှိသူဖြစ်နေရင် သူ့ရဲ့ အားနည်းချက်ကို
သက်ညှာတဲ့
အနေနဲ့ ကိုယ့်ဘက်က ဘစ်ရှော့အရုပ်တစ်ရုပ်၊ ဒါမှမဟုတ်………မြင်းရုပ်တစ်ရုပ် ပွဲမစခင်ကတည်းက အကျဆုံးခံပြီး လျှော့ကစားတာပါ။ ဒါမှ တရားမျှတမှုရှိမယ်လို့ ယုံကြည်တာကိုး ။
လူ့အသိုင်းအ၀ိုင်းထဲမှာလည်း ဒီလိုပဲ။ တချို့ လူတွေကို အကြောင်းကြောင်းကြောင့် (သနားလို့၊ အားနာလို့)
ပ စားပေးသက်ညှာထားတာတွေရှိပါတယ်။ ဒါပေမယ့် ခက်တာက သူတို့ထဲက တချို့လူတွေမှာ
တမင်သက်ညှာမှန်းမသိကြဘူး။ ရောင့်တက်လာကြတယ်။ ကလေးဆိုးကြီးတွေလိုပဲ။

ကိုယ့်ခြေထောက်ကိုတက်နင်းပြီး တောင်းပန်လို့ ကိုယ်ကသနားအားနာတာနဲ့
ချောကလက်တစ်ခု ထုတ်ကြွေးလိုက်မိပါတယ်။ သူတို့က နောက်ထပ်ခြေထောက်တစ်ဖက်ကို
ထပ်ပြီးနင်းကြပြန်ရော။ 

ကဲ…မခက်ဘူးလား။
တချို့ အိမ်တွေ၊ တချို့ဆိုင်တွေမှာ …..(အားနာလို့ လိုက်လျောတာ အတယ်လို့ မထင်နဲ့)ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့တွေ့နေရတော့ “သြော်…သူတို့လည်း ခဏခဏ
ခြေထောက်နင်းခံရရှာတယ်ထင်ပါရဲ့” လို့ တွေးပြီး ပြုံးမိတယ်။

ဟုတ်တယ်လေ…။မကောင်းတတ်လို့ အလျော့ပေးနေရတာမှန်ပေမယ့် ခဏခဏဖြစ်လာတော့လည်း ဘယ်သူသည်းခံနိုင်မှာလည်း။ အားလုံးက ပုတုဇဉ်တွေပဲ မဟုတ်လား။
…………….
 
(၃)
ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကတော့ အဲဒီဆိုင်းဘုတ်ကို တစ်မျိုးဖတ်မိရှာတယ်။ (အားနာလို့လိုက်လျောတာ “အတယ်” လို့ မထင်နဲ့တဲ့။)
သူကအဲဒီလိုဖတ်ပြီးတော့ ကျွန်တော့်ကို လာမေးနေတယ်။
“ဟေ့ကောင်…အတယ်ဆိုတာ တရုတ်လို အဖေကိုပြောတာ မဟုတ်လား…တဲ့။

သူဖတ်သလိုမျိုးဆိုရင် သူ့အဓိပါယ်နဲ့ သူတော့မဆိုးပါဘူးလို့ တွေးမိသား။
ဟုတ်တယ်လေ………။
နောက်ထပ် ချောကလက် တစ်ခု ထပ်လိုချင်လို့အားမနာ၊ပါးမနာ သူများခြေထောက်
ထပ်နပ်နင်းတဲ့ သူရဲ့ အတွေးဟာ “ကလေးအတွေးပါ” ။
ကျွန်တော် ပြောခဲ့ပြီးသားပဲ။
အဲဒီလူတွေဟာ ကလေးတွေ၊ ကလေးဆန်တဲ့ လူတွေပါ ဆိုတာ။

သူတို့ကို ဘယ်သူက ရေရှည်မှာ သည်းခံနိုင်မှာလဲ။ အလွန်ဆုံး သူ့အဖေ၊အမေပဲပေါ့။
ကျန်တဲ့သူတွေကတော့ ကြာလာတာနဲ့အမျှ စိတ်ပျက်လာမှာသေချာပါတယ်။

ဒါပေမယ့် ကလေးအတွေးဆိုတာ ခက်သားလား။ကိုယ့် အဖေ၊အမေအပေါ် ဆိုးချင်တိုင်း ဆိုးလို့ရရုံနဲ့
ကျန်တဲ့လူတွေအားလုံးအပေါ်မှာလည်း အဲသည်လို ဆိုးဖို့ “အခွင့်အရေး” ရမယ်လို့ ထင်နေတတ်တာမျိုး။

………………….
 
(၄)
အဲသည် ကလေးစိတ်၊ကလေးဥာဉ်မျိုးတွေ့ရင် အားလုံးဝိုင်းပြီးပြုပြင်ပေးကြဖို့လိုပါတယ်။အဲသည် အပြုပြင်ခံ သူကိုယ်တိုင်ကလည်း အမှန်တကယ် လိုလိုလားလား ပြုပြင်ချင်တဲ့ ဆန္ဒရှိဖို့လိုပါလိမ့်မယ်။ လောကမှာ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် အရှိအရှိအတိုင်းတည့်တည့်မတ်မတ် မှန်မှန်ကန်ကန် မြင်တတ်တဲ့ “သတိ” ရှိဖို့ပါပဲ……….။ ။

မင်းခိုက်စိုးစန်

Tuesday, January 10, 2012

Every one should respect other's love

A poor boy loved a rich girl.
One day the boy proposed her. Then the girl said, "listen! your monthly salary is my daily hand expenses. Should I be involved with you? How could you thought that? I will never love you. So, forget me 'n get engaged with someone else of your level."

But somehow the boy could not forget her so easily.

10 years later.

One day they became face to face in a shopping center. The lady said, "Hey! you! How are you? Now I'm married. Do you know how much is my husband's salary? Rs. 2 lac per month! Can you imagine? 'n he is also very smart."

The guy's eyes got wet with tear by hearing those words.

After few minutes her husband came before the lady could say something to the guy, her husband started to say by seeing the guy.

"Sir! You here? Meet my wife." Then he said to her wife, "I'm going to assist a project of sir, which is of Rs. 200 crore. 'n do u know a fact? Sir loved a girl but he didn't get her. That's why still he is unmarried. How much lucky the girl was. Isn't it? Now a days who can love like that way?"

Moral: Life is not so short. So, don't be so proud of yourself and damn others. Situations change with time. Every one should respect other's love.

By: Anup Muhammed

Sunday, September 25, 2011

မနှစ်သက်လည်း မြင်အောင်ကြည့်တတ်ပါစေ

အတိုင်အတောထူတာ ကလေးတွေရဲ့ သဘာဝဖြစ်တယ်။ သုံးတန်းကျောင်းသားလေး မောင်ဝေယံက "ပြဿနာကျောင်းသား" လို့ မကြာခဏ အတိုင်ခံရသူဖြစ်တယ်။ ကလေးတွေတိုင်တိုင်း မောင်ဝေယံက ခြံစည်းရိုးပေါ်တက်လို့၊ တခြားလူကို ခြေထိုးလဲလို့၊ ကျောင်းသူလေးတွေကို စလို့၊ စကပ်လိုက်လှန်လို့.... ဆိုတာပဲဖြစ်တယ်။

တကယ်လည်း မောင်ဝေယံရဲ့ မတင့်တယ်တဲ့ အပြုအမူတချို့က ကျောင်းသားတွေကို စိတ်ဆိုးစေရုံမက အုပ်ထိန်းသူတွေလည်း ကျွန်မကိုအမြဲလာတိုင်တတ်တယ်။ တိုင်ခံရလည်း မောင်ဝေယံရဲ့အပြုအမူက ကောင်းမသွားတဲ့အပြင် ပိုပိုဆိုးလာခဲ့တယ်။ ကျောင်းရှေ့ချောင်းထဲကဖားတွေကို လည်ဖြတ်လိုက်တဲ့အထိ မောင်ဝေယံဆိုးလာခဲ့တယ်။

တခြားလူရှေ့မှာ ဘယ်လောက်ဆိုးဆိုး ကျွန်မရှေ့မှာတော့ မောင်ဝေယံက "လိမ္မာတဲ့ကျောင်းသား" ဖြစ်တယ်။ ကျွန်မဘာပြောပြော ယဉ်ယဉ်ကျေးကျေးနဲ့ ခေါင်းငုံ့နာခံတတ်တယ်။ ဒါပေမယ့် ကျွန်မအကြည့်အောက် ပျောက်သွားတာနဲ့ မောင်ဝေယံက "လူဆိုး" ဖြစ်သွားတော့တယ်။

သာဓကပြရရင် ကျွန်မစာသင်နေတုန်း သူက စာတွေကိုစိတ်ဝင်တစားနဲ့ နားထောင်တတ်တဲ့ "လိမ္မာတဲ့ကျောင်းသား" ပုံစံဖြစ်ပြီး ကျွန်မကျောက်သင်ပုန်းလှည့်ဖျက်တာနဲ့ မောင်ဝေယံက အမြင်မတော်တဲ့ အမူအရာတွေနဲ့ ကျောင်းသူတွေကို လုပ်ပြတတ်တယ်။

တစ်နေ့မှာ ကျောင်းသူတစ်ဦးကို မောင်ဝေယံ မဖွယ်မရာလုပ်ပြလိုက်လို့ ကျောင်းသူရဲ့အုပ်ထိန်းသူပါ ကျောင်းကိုရောက်လာခဲ့တယ်။ မောင်ဝေယံ မိဘကိုလည်းခေါ်ပြီး မောင်ဝေယံရဲ့စိတ်ပိုင်းဆိုင်ရာကို ကျွန်မတို့ ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်။

မောင်ဝေယံမေမေက ငိုပြီး မောင်ဝေယံကို သူအလိုလိုက်ချစ်ခဲ့တာ မှန်ပေမယ့် မောင်ဝေယံမှာ စိတ်ပိုင်းဆိုင်ရာရောဂါတွေ မရှိနိုင်ကြောင်းပြောတယ်။

နောက်ဆုံး ကျွန်မက မောင်ဝေယံကို ကလေးစိတ်ပိုင်းဆိုင်ရာဆေးရုံမှာ သွားရောက်စစ်ဆေးသင့်ကြောင်း အကြံပေးလိုက်တယ်။ စစ်ဆေးချက်အရ မောင်ဝေယံရဲ့ ဦးနှောက်အောက်ခြေမှာရှိတဲ့ ဟော်မုန်းဆီ သိုမှီထားတဲ့အဆီဖုက ဖွံ့ဖြိုးမှု မညီမျှကြောင်း တွေ့လိုက်ရတယ်။ အဲဒီအတွက် မောင်ဝေယံက ကိုယ့်ရဲ့မဖွယ်မရာ အပြုအမှု၊ အပြောအဆိုကို မထိန်းချုပ်နိုင်ဖြစ်ခဲ့ရတယ်။ ဆေးမှန်မှန်သောက်ရင် တဖြေးဖြေး သက်သာလာနိုင်တယ်လို့ ဆရာဝန်က ပြောပါတယ်။

ဒါပေမယ့် ဆေးသောက်ပြီးတိုင်း မောင်ဝေယံက ခေါင်းကိုက်တယ်ဆိုလို့ သူ့မေမေက မကြည့်ရက်ခဲ့ဘူး။ ဒီလိုနဲ့ မောင်ဝေယံဆေးတွေကို မှန်မှန်မသောက်ဖြစ်ဘဲ ဆိုးမြဲဆိုးနေခဲ့တယ်။

တစ်နေ့မှာ မောင်ဝေယံက ဗလာစာအုပ်တစ်အုပ်နဲ့ ကျွန်မဆီ ရောက်လာခဲ့တယ်။

"ဆရာမ... ဆရာမ... ခုတစ်လော ကျွန်တော့်အပေါ် ဆရာမ သိပ်မတင်းကျပ်သလိုပဲ။ ကျွန်တော့်ကို ဆိုဆုံးမပါ ဆရာမ။ ဆရာမ မဆုံးမရင် နောက်နောင်ကျွန်တော်ပိုဆိုးသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျွန်တော်က ဆရာမရဲ့တပည့်ပါလို့ လူတိုင်းကိုပြောမှာနော်"

မျှော်မထားတဲ့ မောင်ဝေယံရဲ့ စကားကိုကြားတော့ ကျွန်မ အသံထွက်ရယ်မိတယ်။

"ကောင်းပြီ မောင်ဝေယံ... မင်းကို ဆရာမ ကောင်းကောင်းဆုံးမမယ်။ ဒါနဲ့ ဒီစာအုပ်က ဘာလုပ်ဖို့လဲ?"

"ဒီလိုပါ ဆရာမ.. ဒီနေ့ကစပြီး ကျောင်းသားတွေ ကျွန်တော့်မကောင်းတာကို လာတိုင်တိုင်း ဒီစာအုပ်မှာ ဆရာမ ကြက်ခြေခတ်တစ်ခု ခြစ်ပေးပါ။ ကြက်ခြေခတ်တစ်ခုရတိုင်း ကျွန်တော့်ကို ဆရာမတစ်ချက်ရိုက်နိုင်ပါတယ် ဆရာမ"

ဘုရားရေ ! မောင်ဝေယံက သူ့ကိုပြောဆို ဆုံးမအပြစ်ပေးဖို့ ကျွန်မဆီမှာ တောင်းဆိုနေပါလား!

သူ့ကိုပြောဆိုဆုံးမဖို့ တောင်းဆိုပေမယ့်လည်း မောင်ဝေယံက ဆိုးမြဲဆိုးနေခဲ့တယ်။ ကျွန်မဆီ ကျောင်းသားတွေ လာတိုင်တိုင်း မောင်ဝေယံဖြစ်နေပြီး တခြားသူတွေကို ဘောင်းဘီချွတ်ပြတာ၊ ခြေထိုးလဲတာကလည်း မောင်ဝေယံပဲဖြစ်နေခဲ့တယ်။

တစ်ပတ်တောင်မပြည့်သေးပါဘူး မောင်ဝေယံရဲ့ဗလာစာအုပ်ထဲမှာ ကြက်ခြေခတ်တွေ အခုတစ်ရာရှိနေခဲ့ပါပြီ။ ပြောင်းလဲမလာတဲ့ မောင်ဝေယံရဲ့အပြုအမူတွေကြောင့် ကျွန်မစိတ်ဆိုးပြီး မောင်ဝေယံကို ခေါ်ပြောခဲ့တယ်။

"မောင်ဝေယံ... မင်းရဲ့မကောင်းတာတွေ ဆရာမ ကြက်ခြေခတ်မှတ်ထားတာ အခုတစ်ရာရှိနေပြီ။ မင်းကို ဆရာမ အပြစ်ပေးရတော့မယ်"

"ဟုတ်ကဲ့ဆရာမ.. ကျွန်တော့်ကို အချက်တစ်ရာ ရိုက်နိုင်ပါတယ်"

မောင်ဝေယံက လက်ကိုဆန့်ပြီး အရိုက်ခံတယ်။ ဒါပေမယ့် မောင်ဝေယံရဲ့ လက်ဖဝါး၊ မောင်ဝေယံရဲ့မျက်နှာကိုကြည့်ပြီး ကျွန်မတကယ် မရိုက်ရက်ခဲ့ဘူး။

တကယ်တော့ မောင်ဝေယံ! မင်းဟာ မတုံးမအဘဲ ထက်မြက်သူပါ။ ကိုယ်မှားမှန်းသိသိနဲ့ အမှားတွေကို မင်းဘာကြောင့် ကျူးလွန်ချင်ရတာလဲ? မင်းရဲ့ မကောင်းတဲ့အကျင့်စရိုက်တွေကို ပြင်ပြီး မင်းကိုယ်ပေါ်က တခြားလူတွေ ခပ်နှိပ်ပေးထားတဲ့ "လူဆိုး၊ မလိမ္မာ မယဉ်ကျေးတဲ့သူ" ဆိုတဲ့ တံဆိပ်တွေကို ဖြုတ်ချလိုက်ပါ မောင်ဝေယံ! ရင်ထဲမှာ နာနာကျင်ကျင် ကျွန်မပြောနေမိတယ်။

မောင်ဝေယံရဲ့လက်က ကျွန်မအရိုက်ကိုခံဖို့ လေထဲမှာမြှောက်ထားဆဲပါပဲ။ အတန်းသားဘက် ကျွန်မလှည့်ပြီး "ဆရာမ စိတ်မကောင်းဘူး။ ပထမတန်းကနေ အခုတတိယတန်းအထိ မင်းတို့လာတိုင်လိုက်တိုင်း မောင်ဝေယံ ဟိုဟာလုပ်လို့၊ မောင်ဝေယံ ဘာလုပ်လို့ဆိုတာချည်းပဲ။ "ကြက်ခြေခတ်"ဖို့အတွက်ပဲ လာတိုင်ကြတယ်။ မောင်ဝေယံမှာ "အမှန်"ပေးဖို့အတွက်တောင် မရှိကြတော့ဘူးလား?"

ကျွန်မစကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားတယ်။ ငါးစက္ကန့်လောက်ကြာတော့ ကျောင်းသားတစ်ဦးက "ဆရာမ.. ဆရာမ မောင်ဝေယံကို အမှန်ပေးလို့ရတယ်။ ဟိုတစ်နေ့က ကျွန်တော့်ကို သူရောင်စုံခဲတံ ပေးငှါးသေးတယ်"

တစ်ဆက်တည်းမှာပဲ မောင်ဝေယံရဲ့ အနိုင်ကျင့်တာကို အမြဲခံရတဲ့ ကျောင်းသူတစ်ဦးကလည်း ထရပ်ပြီး "ဆရာမ... ခုနားကျောင်းဆင်းတုန်းက ကျွန်မလဲအောင် မောင်ဝေယံခြေထိုးသေးတယ်။ ဒါပေမယ့် ကျွန်မလည်း အနားရောက်ရော သူ့ခြေကို ပြန်ရုတ်လိုက်တယ်။ ဒီတစ်ခေါက် ကျွန်မ မလဲခဲ့ဘူး ဆရာမ"

"ဟုတ်တယ်.. တပည့်တို့။ မောင်ဝေယံမှာ ကောင်းကွက်တွေ အများကြီးရှိနိုင်သေးတယ်။ သူ့ကို အမှန်တွေအများကြီး ပေးနိုင်သေးတယ် မဟုတ်လား! ဆရာမ သူ့ကို ကြက်ခြေခတ်တစ်ရာ ပေးပြီးပြီ။ သူ့ကို အချက်တစ်ရာ ဆရာမရိုက်လို့ရပေမယ့် ဆရာမ သူ့ကိုမရိုက်ရက်ဘူး။ သူ့ရဲ့ကောင်းကွက်လေးတွေကို တပည့်တို့ ထပ်စဉ်းစားကြပါဦး။ မောင်ဝေယံရဲ့ ကောင်းကွက်နဲ့ သူ ဘာတွေကောင်းအောင် လုပ်ခဲ့ဖူးလဲ? တပည့်တို့ စဉ်းစားကြပြီး အမှန်တစ်ခုပေးတိုင်း ကြက်ခြေခတ်တစ်ခု ဖျက်တဲ့နည်းနဲ့ မောင်ဝေယံကို ဆရာမတို့ကယ်တင်ကြရအောင်"

ကျွန်မပြောပြီး ခဏအကြာမှာ ကျောင်းသားတွေ အလုအယက် ဝိုင်းပြောကြတယ်။

"ဆရာမ... မောင်ဝေယံ ကျွန်တော့်ကို ဟင်းခူးပေးတယ်"

"ဆရာမ.. မနေ့က မောင်ဝေယံ ကျွန်တော်ကို နွားနို့ယူပေးတယ်"

"ဆရာမ.. အရင်တစ်ပတ်က မောင်ဝေယံ အမှိုက်ပစ်ကူတယ်"

"ဆရာမ.... မနေ့က မောင်ဝေယံ အိမ်သာဆေးကူတယ်"

"ဆရာမ....."


အဲဒီစာသင်ချိန်မှာပဲ ကျောင်းသားတွေက မောင်ဝေယံရဲ့ ကောင်းကွက်ကို လက်မြှောက်လိုက်၊ ပြောလိုက်နဲ့ "အမှန်"တွေ ဝိုင်းပေးခဲ့ကြတယ်။ ကျောင်းဆင်းခါနီးမှာ "အမှန်တစ်ရာခု" ကို မောင်ဝေယံရခဲ့ပြီး "ကြက်ခြေခတ်တစ်ရာခု"ကို ချေဖျက်နိုင်ခဲ့တယ်။

ကျွန်မရှေ့မှာ ရပ်နေတဲ့ မောင်ဝေယံရဲ့ ငိုမဲ့မဲ့မျက်နှာလေးက ခုတော့ ပြုံးနိုင်ခဲ့ပါပြီ။ ဒါပေမယ့် သူငိုခဲ့ပါတယ်။ သူစနောက်ခဲ့ဖူးတဲ့ ကျောင်းသားတွေရဲ့မေတ္တာကြောင့် ဝမ်းသာတဲ့မျက်ရည်တွေ သူပါးပြင်ပေါ် စီးကျခဲ့ပါတယ်။ ဆေးတွေမှန်မှန်သောက်ပြီး လိမ္မာသူတစ်ယောက်ဖြစ်ဖို့ ကြိုးစားမယ်လို့ မောင်ဝေယံဆုံးဖြတ်လိုက်တယ်။

"မျက်စိနဲ့အနီးဆုံးနေရာက ဘယ်နေရာလဲ?" လို့ ကျွန်မကို လူတွေမေးခဲ့ဖူးတယ်။ အဖြေက "မျက်တောင်မွေး"ဆိုတာကို ကျွန်မစဉ်းစားမရခဲ့ဘူး။ မျက်တောင်မွေးဟာ မျက်စိနဲ့အနီးဆုံးနေရာမှာရှိပြီး ကျွန်မတို့ မမြင်နိုင်ခဲ့ကြဘူး။

အဲဒီလိုပဲ ကျွန်မတို့ဘေးအနားက ကျွန်မတို့နဲ့ အရင်းနှီးဆုံးလူတွေရဲ့ကောင်းကွက်ကို ကျွန်မတို့ မမြင်တတ်ခဲ့ကြဘူး။

အထက်ဇာတ်လမ်းထဲကလို မောင်ဝေယံရဲ့ဆိုးကွက်ကိုပဲ တခြားကျောင်းသားတွေ တွေ့ခဲ့ကြတယ်။ အပြစ်ပေးခါနီး ဆရာမရဲ့လမ်းညွှန်ပြသမှုကြောင့် မောင်ဝေယံရဲ့ကောင်းကွက်တွေကို သူတို့သတိပြုခဲ့မိကြတယ်။ မောင်ဝေယံမှာလည်း "အမှန်တွေတစ်ရာ" ရှိကြောင်း သူတို့တွေ့ခဲ့ကြတယ်။

သွန်သင်ဆုံးမှုဆိုတာ အတင်းအဓမ္မဖိနှိပ်တဲ့ "အမှောင်"ဘက်ကမဟုတ်ဘဲ ဥာဏ်ဖွံ့ဖြိုးဖို့ ကြိုးစားကူညီတဲ့ "အလင်း"ဘက်ကဖြစ်တယ်။ သူတစ်ပါးရဲ့ဆိုးကွက်ကိုပဲကြည့်ပြီး ကြက်ခြေခတ်တစ်ရာပေးဖို့ ကြိုးစားသူရဲ့ ရင်ထဲမှာလည်း နာကျင်မှုအမှောင်တွေပဲ ရှိခဲ့တယ်။ တကယ်တော့ ကျွန်မတို့က "မနှစ်မြို့လည်း ချီးကျူးတတ်ဖို့" "သူ့ကိုမနှစ်သက်လည်း သူ့ကောင်းကွက်တွေ ရှာတတ်ဖို့" သင်ယူသင့်ပါတယ်။

တစ်ခါတလေမှာ ဆရာတွေက "ကျောင်းသားဆိုး" တွေကို မနှစ်သက်တတ်ကြသလို "ကလေးဆိုး" တွေကို လူတွေ မနှစ်မြို့တတ်ကြဘူး။ အဲဒီအချိန်ကျရင် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး တစ်ဘက်လှည့်အတွေးနဲ့ သူ့ကောင်းကွက်ကို ရှာကြည့်ပါ။ အတွေးတွေ လည်ပတ်နေသရွေ့ "အမှန်တစ်ခု" တွေ့လာနိုင်ပါလိမ့်မယ်။

ကလေးတွေကို "ဆန့်ကျင်၊ ငြင်းဆန်"တဲ့အကြည့်မျိုးနဲ့ ကျွန်မတို့ တစ်ချိန်လုံးမကြည့်သင့်သလို "ဝေဖန်၊ ပြစ်တင်" တဲ့ စကားမျိုးလည်း အမြဲမပြောသင့်ပါဘူး။

ဆန့်ကျင်၊ ငြင်းဆန်တဲ့အကြည့်တွေကြားမှာ ကလေးငယ်တွေက ကိုယ့်ကိုယ်ယုံကြည်မှုမဲ့တာတွေ သင်ယူနိုင်တယ်။ ဝေဖန်၊ အပြစ်တင်တဲ့အပြောတွေကြားမှာ ကလေးငယ်တွေက စိတ်ပျက်၊ ဝမ်းနည်းမှုတွေကို သင်ယူနိုင်တယ်။ ကူညီ၊ ဖေးမ၊ အားပေးတဲ့ အပြောတွေကြားမှာ ကလေးငယ်တွေက ယုံကြည်မှုတွေတိုးစေပြီး ချီးကျူး၊ ချီးမွမ်းမှုအောက်မှာ ကလေးငယ်တွေက မေတ္တာနဲ့ကျေးဇူးတရားကို နားလည်နိုင်မှာဖြစ်ပါတယ်။


မူရင်း---- http://www.netsermon.org/story
နိုင်းနိုင်းစနေ (Wednesday, January 20, 2010)