Thursday, April 12, 2012

ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်


ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ အပိုင်းတစ် နဲ့ နှစ် ကို ရေးခဲ့ပါတယ်။ 
တိုက်တိုက်ဆိုင်ဆိုင်ဘဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂသီတင်းဌာနက ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းမှူးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ၊ကမ္ဘာကျော် စတန်းဖို့ တက္ကသိုလ်တွင် ဓါတ်ပုံပြပွဲတစ်ရပ် ကျင်းပခဲ့ကြောင့် သီတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသီတင်းကို ဖတ်ရတဲ့အခါမှာ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ များစွာကျေနပ်အားရခဲ့သလို ၊ ဦးသန့်ကို မမေ့လို့ ဂုဏ်ပြုခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ အမေရိကန် တက္ကသိုလ် ကိုလည်း သတိတရ ရှိပေးခဲ့တဲ့အတွက် များစွာ ၀မ်းသာမိပါတယ်။ အဆိုပါ ဓါတ်ပုံပြပွဲ ဖွင့်လှစ်တဲ့အခန်းအနားမှာ ကုလသမဂ္ဂပြန်ကြားရေးနဲ့ပြည်သူ့ဆက်သွယ်ရေးဌာန မှ တာဝန်ရှိသူ မစ္စတာ ကီရိုအာဆာကာက '' ဦးသန့်သည် ယုံကြည်ချက် ခိုင်မာသူတစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ ကုလ အကြီးအကဲ တစ်ဦး အဖြစ်သော်လည်းကောင်း၊ ဂုဏ်ပြုထိုက်သူတစ်ဦး ဖြစ်သောကြောင့် ယခုကဲ့သို့ ဓါတ်ပုံပြပွဲ ကျင်းပရခြင်းဖြစ် ''ကြောင်း ပြောကြားသွားခဲ့သည်။ ဆက်လက်၍ ၄င်းကပင်
'' ဦးသန့်သည် အမြော်အမြင်ကြီးမားပြတ်သားသူတစ်ဦးဖြစ်ပီး ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နေရာ အသီးသီးမှ ပြည်သူများ၏ မျော်လင့်ချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော အဖွဲ့ကြီး တစ်ခု အဖြစ် သတ်မှတ်ယုံကြည်စေခဲ့သူ ...ကုလ၏ ရှေ့ဆောင်အကြီးအကဲတစ်ဦးဖြစ် '' ကြောင်း ပြောကြားခဲ့ပါတယ်။
'' ဒီကနေ့ ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းကြီးတွေ အတော်များများဟာ ဦးသန့်ကိုယ်တိုင် ထူထောင်ပေးခဲ့လို ပေါ်ပေါက်လာခဲ့တာပါ ''ဟု ၄င်းက ပင် ဆက်လက် ပြောကြားသွားခဲ့ပါတယ်။
ထို့ပြင်..
''၁၉၆၁ ခုနစ်မှ ၁၉၇၁ ခုနစ် အထိ ဆယ်နှစ်တာကာလ ကုလ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း ဦးသန့်သည် ကမ္ဘာပေါ်တွင်လူသားတို့အားအကျိုးပြုစေခဲ့သော ကြီးမားသော အပြောင်းအလဲ ကြီးများ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည်''ဟု သီတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုခဲ့ပါတယ်။
တစ်ဖန် ..ကုလ ပြောခွင့်ရ ပုဂိုလ်တစ်ဦးက
'' ဦးသန့်ဟာ အတိုင်းအဆ များပြားလွန်းစိန်ခေါ်မှုကြီးတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ကျူးဘား ဒုံးကြည်အရေးအခင်းကိစ္စ၊ ဗီယက်နမ် စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပေါ်ထွန်းရေး ကိစ္စ၊ တော်အာဖရိက လူမျိုးရေး ခွဲခြားမှု ကိစ္စ၊ စတာတွေကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့တဲ့ သံတမန်ကြီးတစ်ဦးပါဘဲ..''..လို့ ပြောကြားသွားခဲ့ပါတယ်။
ထိုပြင် ဦးသန့်သည် ကုလကြီးအတွက် အလွန်မှတ်သားလေးစားလိုက်နာဖွယ်စကားကို မြွက်ကြားခဲ့သူ လည်းဖြစ်သည်။ ဦးသန့်က ....မိန့်ဆိုသည်မှာ...
'' လူသားဖြစ်တည်မှူ နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာများထက် များစွာ သာလွန်ပါသည်။ အစိုးရများ၊ နိုင်ငံရေးစနစ်နှင့်အိုက်ဒီယာများဟူသည် ဖြစ်ပျက်သဘော မျှသာ ဖြစ်ပြီး လူသားဖြစ်တည်မှူသည်သာလျှင် ကျန်ရှိပါမည်'' ဟု ဆိုခဲ့သည်။
ထိုစာတမ်းသည်.....
ယနေ့ကုလသမဂ္ဂကြီး၏ အသက်ဝိညာဉ်ဖြစ်စေမည့် ၊ ကုလကြီး အသက်ဆက်လက်ရှင်သန်စေမည့် မိန့်ဆိုချက်ပင် ဖြစ်တော့သည်။
Referance; The Voice weekly Journal from internet news


ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမားလှစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။
ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........
- တတိယ ကမ္ဘာစစ်သို့ဦးတည်ခဲ့သော ကျူးဘား ပြဿနာ
- တူရကီ နှင့် ဂရိတို့သွေးချောင်းစီးသည့် ဆိုက်ပရပ် ပြဿနာ
- အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
- အေ၇ှ့အလယ်ပိုင်း အရေးအခင်း
- ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
- ကမ္ဘာ့လောင်စာ ပြဿနာ
- တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
- သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
- ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ.... နှင့်
အခြားကိစ္စများ ဖြစ်ကြသည်။
ဦးသန့်၏ ကုလအတွင်းရေးမှူးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတို့ကြောင့် ဦးသန့်အားကမ္ဘာတစ်ဝှမ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ့ ( ၁၇ ) ဘွဲ့ကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
- ၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
- ၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
- ၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
- ၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
- ၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
- ၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
- ၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
- ၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
- ၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
- ၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
- ၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
- ၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
- ၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
- ၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
- ၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
- ၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
- ၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
- ၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
- ၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
- ၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်
- ၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။
- ၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။
 


ဦးသန့်အမှတ်တရများ
အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။ ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယာဉ်မှူး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။
ဘောင်သွပ်ထားသော ထိုအလံတွင် ဤအလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျံသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။

U Thant Island ဦးသန့်ကျွန်း
   
အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။


Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ


Taman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.
ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။



ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။
အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုမ္မဏီက အေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနှုန်းတန်းတူသတ်မှတ်သည်။








U Thant Peace Award
ဦးသန့်ငြိမ်းချမ်းရေးဆု
ဤဆုကို ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်မှ Sri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။


source : http://www.edinooyin.com

No comments:

Post a Comment