Friday, May 27, 2011

ဟာသပဒေသာ (၁၃)

(၁) သေပြီဆရာ

ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့ ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။ ကလေး တစ်ယောက်မွေးတယ်။

ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။

တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။

လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။

ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။

ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။

ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကို ပြောတယ် ။ အဖေ…သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက

ကျွန်တော်က ” သုံးဆယ် ” ကပါလည်းဆိုရော ကောင်မလေး အဖေ ပါးစပ်က  " ဟေ………"တစ်လုံးပဲ ထွက်နိုင်တော့တယ်တဲ့ဗျာ။


( ၂) မလွဲသောအမှား

အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ ရောက်လာ၏။
ရွေးချယ်သူ ။ မင်းနာမည်
လူငယ်       ။ မောင်လှ
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် ” ဆရာ ” ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ်       ။ ဟုတ်ကဲ့ ” ဆရာမောင်လှ ” ပါ ခင်ဗျ။


( ၃ ) ဖြစ်ရမယ်

မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။
ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ

ချူချာ               ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ
ဦးလေး             ။ ဘာဖြစ်လို့လဲကွ
ချူချာ               ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ
ဦးလေး             ။ ဟေ…သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ
ချူချာ               ။ အဟီး……ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ။


( ၄ ) ပါတော့ ပါသွားတယ်

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ် တက်သော ဆရာက

ဆရာ           ။ ဘာဖြစ်လို့ ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ           ။ ဖြစ်မှ ဖြစ်ရလေကွာ…..ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ။ 


( ၅ ) မှတ်သားလောက်တယ်

သူငယ်ချင်း မင်း…..ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား...........
အေး…ကြားဖူးတယ်။ ဘာဖြစ်လို့လဲ

ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့ သူဘာ"မယ်" ဆိုတာ ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။

ဟုတ်လားကွ….” ဘာမယ်တဲ့တုန်း ”

” ပါးကျိုးမယ် ” တဲ့။


( ၆ ) မဖြစ်နိင်ဘူး

စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းမိန်းကလေးအား မေးသည်။

လူငယ်   ။ စာအုပ်လိုချင်လို့ဗျာ
ဝန်ထမ်း ။ ဟုတ်ကဲ့….ဘာစာအုပ်များလဲ ရှင်
လူငယ်   ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက ” ယောက်ျားတွေဟာ မိန်းမတွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ” ဆိုတဲ့ အကြောင်းပါ
ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက ” စိတ်ကူးယဉ် စာပေများ ” ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်။

အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ......။

No comments:

Post a Comment