Saturday, February 26, 2011

ခရစ်စမတ်လက်ဆောင်

ဒယ်လာ သူ့လက်ထဲမှာရှိတဲ့ ပိုက်ဆံလေးကို အကြိမ်ကြိမ်အခါခါ ရေတွက်ပြီးပါပြီ။ အားလုံးပေါင်းမှ 1 ဒေါ်လာနဲ့ ၈၇ ဆန့်ပဲ ရှိပါတယ်။ အင်း........မနက်ဖြန်က ခရစ်စမတ်နေ့လေ။

ဒယ်လာနဲ့ သူ့ခင်ပွန်း ဂျင်ဟာ တော်တော်လေးကို ဆင်းရဲကြပါတယ်။ ဂျင်က တပတ်လုံး အလုပ်လုပ်မှ ဒေါ်လာ ၂၀ ရတာလေ။ ဒါပေမယ့်လည်း သူ့ရဲ့ ချစ်လှစွာသော ဇနီးရှိတဲ့ အိမ်ခန်းကျဉ်းလေးကို အလုပ်က ပြန်လာတဲ့အခါတိုင်း အမြဲပျော်ရွှင်နေတတ်တဲ့ လူတစ်ယောက်ပါ။

ဒယ်လာ မှန်ကြည့်ရင်းနဲ့ သူဘာလုပ်သင့်တယ်ဆိုတာ နားလည်လိုက်တယ်။သူတို့ လင်မယားနှစ်ယောက်မှာ အချမ်းသာဆုံး တန်ဖိုးအကြီးဆုံးဆိုပြီးပြောစရာ ဂုဏ်ယူစရာ ပစ္စည်းနှစ်ခုတော့ရှိပါတယ်။ သူတို့လင်မယားနှစ်ယောက် အရမ်းတန်ဖိုးထားတဲ့ ပစ္စည်းလေးနှစ်ခုပေါ့။ အဲဒါတွေကတော့ ဂျင်ရဲ့ ရွှေနဲ့ လုပ်ထားတဲ့ နာရီလေး ။ အဲဒါက သူ့အဖိုးကနေတဆင့် သူ့အဖေ၊ သူ့အဖေကနေတဆင့် သူ့ဆီကို အဆင့်ဆင့်အမွေပေးခဲ့တဲ့ ပစ္စည်းလေးပါ။ ပြီးတော့ နောက်တစ်ခုက ဒယ်လာရဲ့ အလွန်လှပစွဲမက်ဖို့ကောင်းတဲ့ ဆံနွယ်ရှည်ရှည်တွေပေါ့။ ဒီနေ့မနက် ဂျင် အလုပ်ကို ထွက်သွားတော့ ဒယ်လာလည်း ဆိုင်တစ်ဆိုင်ကို ခပ်သုတ်သုတ်လေး ထွက်လာပါတယ်။ အဲဒီဆိုင်မှာ ရေးထားတာကတော့ " ဆံပင်တုပြုလုပ်ရောင်းဝယ်ရေး" တဲ့လေ။ သူဆိုင်ထဲကို ၀င်ပြီး ဒုတိယထပ်ကို တက်သွားခဲ့ပါတယ်။ အဲဒီမှာ ဆိုင်ရှင်အမျိုးသမီးကို မေးလိုက်ပါတယ် ...

- ကျွန်မ ဆံပင်ကို ၀ယ်နိုင်မလား မသိဘူး ရှင်...
- ဟုတ်ကဲ့ ၀ယ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဆံပင်အရင်ကြည့်ပါရစေ။ ရှင်ဆောင်းထားတဲ့ ခေါင်းစွပ်လေး ခဏချွတ်ပေးပါ။
- ဟုတ်ကဲ့ပါ ကျွန်မ ရှင့်ဆံပင်ကို ဒေါ်လာ ၂၀ ပေးနိုင်ပါတယ်။ 
- ဟုတ်ကဲ့ပါရှင်. ကျွန်မ ရောင်းပါ့မယ်။ 

ဒယ်လာလကထဲက ပိုက်ဆံလေးကို ကြည့်ပြီး နောက်ထပ် ဆိုင်တစ်ဆိုင်ကို သွားဖို့ဆုံးဖြတ်ခဲ့တယ်လေ။ ပြီးတော့ သူဆိုင်တော်တော်များများကို ရှာဖွေပြီးနောက်ဆုံးမှာ သူရှာတွေ့ခဲ့ပါတယ်။ အဲဒီဆိုင်မှာ သူ့ယောင်္ကျားကို ခရစ်စမတ်လက်ဆောင်ပေးဖို့ ပစ္စည်းလေးကိုပေါ့။ လှပတဲ့ ရွှေနာရီချိန်းကြိုးလေးပါ။ 
 " အို .......ဘယ်လောက်လှလိုက်တဲ့ ကြိုးလေပါလဲ "
"ဒီကြိုးလေးသာ ဂျင့်ကို ပေးလိုက်ရင် သူ့ရဲ့တန်ဖိုးအထားဆုံး နာရီလေးကို သူ ခဏခဏကြည့် နေတော့မှာပဲ"
" အရင်က သူက နာရီလေးမှာ ကြိုးမရှိလို့ မ၀တ်နိုင်ရှာဘူးလေ... အခုတော့.........."
 ဒယ်လာတွေးရင်းနဲ့ ပျော်နေပါတယ်။
 ဒါပေမယ့် ည ၇ နာရီရောက်တော့ ညနေစာ ချက်ပြုတ်၊ နာရီကြိုးလေးကို ကိုင်ပြီး စိုးရိမ်မှုလေးတချို့နဲ့ ခင်ပွန်းသည်ပြန်အလာကို စောင့်နေပါတယ်။ ဟုတ်ပါတယ် .....တကယ်လို့များ ကျွန်မယောင်္ကျားက ကျွန်မကိုဒီလိုဆံပင်အတိုလေးနဲ့ ပြီးတော့ သူမြတ်နိုးတန်ဖိုးထားတဲ့ ဆံနွယ်ရှည်တွေမရှိတော့ပဲ တွေ့တဲ့အချိန်မှာ ကျွန်မကို ဘာတွေများ ပြောမလဲပေါ့။

ဒါပေမယ့် ဒီနေ့မှ အရင်က ၇ နာရီဆို ပြန်လာတတ်တဲ့ ဂျင်ဟာ အခုထိပြန်မရောက်လာသေးဘူးလေ။ အဲဒီအချိန်မှာ ရုတ်တရက် အိမ်တခါးလေးပွင့်ပြီး အံသြမင်တက်စွာနဲ့ ကြည့်နေတဲ့ ဂျင့်ကို သူတွေ့လိုက်ပါတယ်။ သူဒီလောက်ဘာလို့ စိမ်းစိမ်းကားကားကြည့်နေတာလဲ။ သူသိပါတယ်။ 
-"ဂျင် ....ကျွန်မ ကျွန်မလေ ဆံပင်တွေကို ရောင်းလိုက်ပါတယ်။ ကျွန်မ ရှင့်ကို ခရစ်စမတ်လက်ဆောင်လေး ပေးချင်လို့ပါ။ ကျွန်မကို စိတ်မဆိုးပါနဲ့နော်။ ကျွန်မ ဆံပင်တွေက မြန်မြန်ပြန်ရှည်လာမှာပါ။ 
ကျွန်မကို ချစ်နိုင်သေးရဲ့လားဟင် "

ဂျင်က သူမကို ကြည့်ပြီး  
" မင်းဆိုလိုတာက မင်းမှာ အခုလှပစွဲမက်စရာကောင်းတဲ့ ဆံနွယ်တွေ မရှိတော့ဘူးပေါ့ ဟုတ်လား။ "
 " ဂျင် ...ကျွန်မ ဆံပင်လေးတွေ ရောင်းပြီး လက်ဆောင်လေးဝယ်ခဲ့တာပါ။ ဒီမှာလေး ဘယ်လောက်တောင် လှပတဲ့ ကျွန်မ လက်ဆောင်လေးလဲ ဟင် ကြည့်ပါအုံး အချစ်ရယ် " 

ဂျင် သူ့ချစ်ဇနီးလေးကို နူးညံ့ကြည်နူးစွာနဲ့ ညင်ညင်သာသာလေး ရင်ခွင်ထဲ ဖက်ထားလိုက်ပါတယ်။ သူ့ဇနီးပေးတဲ့ လက်ဆောင်ဘူးလေးကို ဘေးမှာ ချပြီး .......


" ဒယ်လာ အချစ်လေးရယ် ... ကိုက မင်းကို အမြဲထာဝရချစ်နေမဲ့ သူပါကွာ။ ဘယ်ဟာမှ မင်းလောက်အရေးမကြီးပါဘူး။ ဆံပင်တိုတာတွေ ရှည်တာတွေကလည်း ကို့ အချစ်ကို သက်ရောက်မှုမရှိပါဘူး ... အချစ်လေးရယ်...။ ကိုယ့်လည်း အချစ်အတွက် လက်ဆောင်လေး ၀ယ်ခဲ့တယ် ..ကြည့်ပါအုံးကွာ ..."
ဒယ်လာ လက်ဆောင်ဘူးလေးကို ယုယုယယလေးနဲ့ ဖွင့်လိုက်ပါတယ်။ ရုတ်တရက် ၀မ်းသာလွန်းလို့ ထအော်မိသွားတယ်။ ပြီးတော့ မတ်မတ်ရပ်နိုင်စွမ်းတောင်မရှိတော့ပဲ စားပွခုံလေးမှာ ထိုင်ပြီးငိုတယ်။ သူ့ရှေ့က စားပွဲပေါ်မှာတော့  သူ့ဘ၀တစ်လျှောက်လုံး စိတ်ကူးယဉ်ခဲ့ဖူးတဲ့၊ ချမ်းသာတဲ့ လူတွေသာ သွားလေ့ရှိတဲ့၊ ဆိုင်ကြီးက ပြတင်းပေါက်လေးကနေသာ မြင်ခဲ့ဘူးတဲ့၊ တန်ဖိုးကြီးတဲ့ ရွှေရောင် ဘီးကုတ်လေးပေါ့။ ဂျင်က သူ့ကို အဲဒီဘီးကုတ်လေး လက်ဆောင်ပေးပြီ ဒါပေမယ့် သူ့ရဲ့ အရမ်းချစ်စရာကောင်းတယ်ဆိုတဲ့ ဆံနွယ်တွေက ဘယ်မှာလဲ။ သူ အငိုမျက်လုံး အပြုံးမျက်နှာလေးနဲ့ ပြောလိုက်တယ်.....


" အချစ်ရယ် ကျွန်မ ဆံပင်တွေ မြန်မြန်ပြန်ရှည်လာမှာပါနော် "

ရုတ်တရက် သူ သတိရသွားတယ် ဂျင် သူပေးတဲ့ လက်ဆောင်လေးကို မဖွင့်ရသေးဘူးလေ။ သူဖွင့်ပေးလိုက်ပြီး ...
" ဂျင် အချစ်လေး အခုကျွန်မပေးတဲ့ နာရီကြိုးလေးကြောင့် တနေ့ကို အကြိမ်တရာလောက် နာရီကြည့်နေတော့မှာ၊ ဟုတ်တယ်မလား ပျော်တယ်မလားဟင်  "

ဂျင်က သူ့ချစ်ဇနီးလေးကို အကြင်နာအပြည့်နဲ့ ကြည့်ပြီး...

" ကိုယ်တကယ်ပျော်ပါတယ် အချစ်ရယ်..."
" ကိုယ်တို့ လက်ဆောင်လေးတွေကို ခဏသိမ်းထားကြမယ်လေ။ ဒါလေးတွေက အခု ကိုယ်တို့ သုံးလို့မရသေးဘူး အချစ်ရဲ့၊ အချိန်နည်းနည်းစောင့်ကြတာပေါ့ကွာ နော်၊ ကို မင်းကို လက်ဆောင်လေးဝယ်ပေးဖို့ ကို့ နာရီလေးကို ရောင်းလိုက်လို့ပါ အချစ်လေးရယ် " ............


 (ရုရှားစာရေးဆရာ Henry ၏ Подарки к Рождеству ( Christmas Gifts ) ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။ ) 
                                                                                               Translated by Coralchitthu




1 comment:

  1. အားကျစရာကောင်းတယ်နော်......

    ReplyDelete