Showing posts with label ဗဟုသုတများ. Show all posts
Showing posts with label ဗဟုသုတများ. Show all posts

Monday, November 12, 2012

Buddha

Buddha ကို ကျွန်တော်အရမ်းလေးစားပါတယ်... ဘာကြောင့်လဲဆိုတော့

Buddha ဟာ ဒီကမ္ဘာကြီးကို သူပိုင်တယ်လို့ မကြွားခဲ့ပါဘူး....

သူ့ကိုကိုးကွယ်ရင် ဆုလာဒ်တွေပေးမယ်လို့ မစည်းရုံးခဲ့ပါဘူး.....

သူ့ကိုမရှိခိုးရင်..မကိုးကွယ်ရင်....ငရဲကိုပို့ပစ်မယ်လို့ မခြိမ်းခြောက်ခဲ့ပါဘူး....

သူ့ကိုတစ်နေ့ဘယ်နှစ်ကြိမ်ရှိခိုးရမယ်လို့ မချုပ်ချယ်ခဲ့ပါဘူး....

သူ့ကိုရှိခိုးခြင်းထက် စရဏ ပိုင်းကောင်းမွန်ခြင်းဟာ ပိုမြတ်တယ်လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့သူပါ.....

သူပြောတဲ့စကားတိုင်းကိုလည်း အလွယ်တကူမျက်စိမှိတ် မယုံကြည်လိုက်ပါနဲ့လို့ ရဲရဲတောက် ပြောကြားခဲ့သူပါ....

သူဟောကြားခဲ့တဲ့ ဒီအမှန်တရားတွေဟာ သူပိုင်တာမဟုတ်ပါဘူး...သဘာဝအမှန်တရားတွေသာဖြစ်တယ်လို့....ပေါ်ပေါ်တင်တင် ပြောကြားခဲ့သူပါ....

သူရရှိခဲ့တဲ့ ဘုရားအဖြစ်ကိုလည်း သူတစ်ယောက်ထဲ မောင်ပိုင်စီးထားတာမျိုးမဟုတ်ပဲ... ဘုရားဖြစ်ချင်ရင် လူသားတိုင်း ကြိုးစားလို့ရတယ်ဆိုတဲ့ လမ်းကြောင်းတစ်ခုကို 

စိတ်သဘောထားကြီးမြတ်စွာနဲ့ ချပြခဲ့သူပါ....

လွတ်လပ်စွာတွေးခေါ်ခွင့်...လွတ်လပ်စွာပြောဆိုနေထိုင်ခွင့်...လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတဲ့ ဒီမိုကရေစီ သဘောတရားတွေကို ပြောကြားခဲ့တဲ့ ပထမဆုံးသော

ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ....

လူတန်းစားခွဲခြားခြင်း..လူမျိုးရေးခွဲခြားခြင်းတို့ကို ဆန့်ကျင်ခဲ့တဲ့ ပထမဆုံးသော ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ...

ကိုယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်..မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်...မိမိရဲ့ကောင်းခြင်းဆိုးခြင်းရလာဒ်တွေဟာ မိမိရဲ့

အတိတ်/ပစ္စုပန်ကာလတွေရဲ့ လုပ်ရပ်တွေကြောင့်ဖြစ်တယ်..မည်သူတစ်ဦးတစ်ယောက်ကမှ ဖန်တီးစီရင်နေတာမဟုတ်ဘူးလို့

အကြောင်းတရားကြောင့်အကျိုးတရားဖြစ်ရခြင်းကို ပြောကြားခဲ့တဲ့ တစ်ဦးတည်းသော ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ....

သူ့ရဲ့တစ်သက်တာကာလပတ်လုံးမှာ သူတားမြစ်ခဲ့တဲ့တရားတွေကို သူကိုယ်တိုင်လည်းလုံခြုံခဲ့ပါတယ်....

အဲဒါကြောင့်ကျွန်တော်ဟာ buddha ကိုအရမ်းလေးစားပါတယ်..အရမ်းကြည်ညိုပါတယ်...

သူဟောကြားခဲ့တဲ့ ငြိမ်းချမ်းရေးတရားတော်တွေဟာ အခုချိန်ထိ မှန်ကန်နေတုန်းပါပဲ...လိုက်နာကျင့်သုံးရင်

အသုံးဝင်နေတုန်းပါပဲ... ဒီနေ့ကမ္ဘာကြီးငြိမ်းချမ်းအောင် Buddha တရားတော်တွေထဲမှာ နည်းလမ်းတွေရှိနေပါတယ်...

Buddha ကျင့်ကြံခဲ့တဲ့ ၀ိပဿနာတရားတွေဟာလည်း Buddha ချမှတ်ပေးခဲ့တဲ့နည်းလမ်းတွေအတိုင်း လက်တွေ့ကျင့်ကြံကြည့်ရင် စိတ်ရဲ့ငြိမ်းချမ်းခြင်းကို

အမှန်တကယ် ရှာတွေ့နိုင်တယ်ဆိုတာ ဘာသာခြားတွေတောင် လက်ခံနေကြပါတယ်...၀ိပဿနာတရားစခန်းတွေမှာ ဖန်ဆင်းရှင်ဝါဒကိုယုံကြည်တဲ့

ဘာသာခြားတွေအများကြီး လာရောက် ကျင့်ကြံအားထုတ်နေကြတာ အများကြီးရှိပါတယ်....

Buddha ဟာ ကြွားဝါမှုတွေ..စည်းရုံးမှုတွေ...ခြိမ်းခြောက်မှုတွေ...ချုပ်ချယ်မှုတွေမလုပ်ခဲ့ပါပဲနဲ့...သူ့စကားကို ယုံကြည်စွာ လိုက်နာနေကြတဲ့

Buddha ဘာသာဝင်တွေ ယနေ့အထိအများကြီးရှိနေဆဲဖြစ်တာကို ကျွန်တော် အင်မတန်မှကို ဂုဏ်ယူမိပါတယ်...

အခု Buddha မရှိတော့တာ နှစ်ပေါင်း ၂၅၀၀ ကျော်သွားပါပြီ...အင်အားအကြီးဆုံး ဘာသာကြီး ၄ ခုထဲမှာ အခုချိန်ထိ ပါဝင်နေတာကို အံ့သြချီးကျူးလို့ကို မဆုံးနိုင်တော့ပါဘူး....

ဒါကြောင့် ကျွန်တော်ဟာ Buddha ဘာသာဝင်ဖြစ်ရတာ ဂုဏ်ယူပါတယ်... Buddha ဘာသာဝင် အသိုင်းအ၀ိုင်းကြားမှာ မွေးဖွားလာရတာကိုလည်း

အလွန်ကျေနပ်မိပါတော့တယ်....

(ကျွန်တော်ဒီလိုတွေရေးလိုက်တာဟာ သူများဘာသာကို မကောင်းပြောတာမဟုတ်ပါဘူး...ဘယ်ဘာသာကိုမှ ထိခိုက်စေလိုသော ဆနမရှိပါဘူး....Buddha ဘာသာဝင်တစ်ဦးရဲ့

ရိုးရှင်းသော ရင်တွင်းခံစားချက်သက်သက်သာဖြစ်ပါတယ်....)


credit to NayMin  

Thursday, November 1, 2012

ဗုဒ္ဓဘာသာ


ဗုဒ္ဓဘာသာကိုအဖျက်သဘောနဲ့ မေးခွန်းတွေမေးလာခဲ့ရင် ပြန်လည်ဖြေကြားနိုင်ရန်အတွက် ဒီပိုစ့်ကို ထပ်ဆင့်မျှဝေ ပေးလိုက်ပါသည်..။။
(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။

(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
(၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
(၁၃) - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။

(၁) မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။
“ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။
ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာတည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင်
ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။

(၂) မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။
အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။
"sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။
ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊ သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။

ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။
ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက်
အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။
ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား
တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။
မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။

(၃) မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရားမယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။

ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ
လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။

ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ်
စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။

အသက်၂၉နှစ် ရှိတဲ့အခါ ဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့
အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။

သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း
ဇာစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။

သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ်
အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။

အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့
တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။

(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။
ထိုအကျင့်မှားကို စွန့်၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန် ပွါးမှသာ ဘုရားအဖြစ်သို့ ရောက်ပါသည်။)

ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာတပည့်သာဝကအဖြစ် ခံယူကြပါတယ်။

သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက် အိုခြင်းတရား၊ နာခြင်းတရားများ ဖိစီးနှိပ်စက်ခံရသော်လဲ ချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။)

(၄) မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။
သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို
ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့ အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့
ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။

ကြီးမားတဲ့ မဟာကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။
ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို
အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။

ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။

(၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။
သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။
ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။
သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။

ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။
သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။
မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ
သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ
ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။

ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။
သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။
ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။
သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။
ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင်
ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။

(၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။

ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊
ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။
ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။

ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း
မိန့်ကြားတော် မူပါတယ်။

(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေကရှိခိုးကိုးကွယ်နေကြသလဲ။
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။
တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။
ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။
အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။

ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။
တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ်
တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ဂုဏ်ကျက်သရေရှိတဲ့လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။
အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။
ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။
လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။

ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။
တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့
မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။
အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။

ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။
ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။
ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက်
ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။
ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။

(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ဟုတ်ပါသလား။
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။
အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့
ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့
ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။

ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။
သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။

ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို
အသုံးပြုကြပါတယ်။

ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ
ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။

ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။
ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။

ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကိုဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ်
အသုံးပြုကြပါတယ်။ ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို
ကျွန်ုပ်တို့အား သတိရစေပါတယ်။

ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ
ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊
အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။

(၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက်
ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ
အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊

တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ
အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ
တွေ့ရတတ်ပါတယ်။

ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။
ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။

အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။
ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့
“ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့
ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။

ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့
တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။”

ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း
ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါဘူး။

(၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။
သင်မကြားမိတာကတော့ ဗုဒ္ဓ ဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို
ဝါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက
ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး
ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။

အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက်
မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။

၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့
အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက်
{ နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။

အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက်
ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ
၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ
တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။

ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ
သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။
သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့
ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာဖြစ်ပါလိမ့်မယ်။

(၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။
သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။
သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။
မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက
သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။

ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။
ထေရ၀ါဒ ဗုဒ္ဓဘာသာ၊
ဈင် ဗုဒ္ဓဘာသာ၊
အမိတာဘာ ဗုဒ္ဓဘာသာ၊
ယောဂါစာရ ဗုဒ္ဓဘာသာ၊
ဝဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။

အဲဒီ အနှစ်သာရက ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။

ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။
အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီးအဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲအားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။

ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။
သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။
သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို
တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။
တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။

(၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို
တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း
ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။

ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ
အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့
လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။

လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။

ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ္တရားများ ဆောင်ရွက်ခြင်း
စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ
ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို
ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။

အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ
သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။

စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။

အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။
ပြင်သစ်က Tasse လို့ခေါ်တယ်။
တရုတ်က Pei ၊
အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။
အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီးအကြောက်အကန်ငြင်းခုံးနေကြပါရော။

အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး
မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။
ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊
ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှအမောပြေပြီး လန်းဆန်းလာမှာပေါ့၊
အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။

(၁၃) မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။

"သိပ္ပံ" ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ်
အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့
သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။

ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။
သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။

ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။
သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစားသိမြင်လို့လဲ ရပါတယ်။

ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။ လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။
ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။
အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။
ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။
ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။

တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။
ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။
ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။
ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။

စတုတ္ထ အမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။
ဒီဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။
သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။
ဒီနည်းလမ်းကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။

သိပ္ပံပညာမှာလိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။
ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။
ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။

ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို
အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပေါ်မှာ
အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေပါတယ်။

ရှင်တော်မြတ်ဘုရား ဆုံးမပုံက -
ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့်
အစဉ်အဆက် ယုံကြည်လက်ခံလာတာဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။
သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်
မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်
တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့်
စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်

သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊
လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲအဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။

ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့
သိပ္ပံနည်းကျ သဘောသဘာဝတွေတော့ ပါဝင်ပါတယ်။
ပြီးတော့ တခြား ဘာသာတရားတွေထက် ပိုပြီးသိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။
နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း က ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ဒီလိုပြောပါတယ်။

နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။
အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။တရားသေ ၀ါဒကိုလဲရှောင်လွှဲနိုင် လိမ့်မယ်။သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံးကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။
တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခုရှိတယ်ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။




Reference and Credit to ^..^မြန်မာချစ်သူများမိသားစု

Thursday, September 13, 2012

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာတဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိ

ုအပ်လာတယ်၊

အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊
သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊

သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။

အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊

ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။

အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။

ဒုတိယ သင်္ဂါယနာ

မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်
တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်
အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။

(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ

အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။

ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်
ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။

ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။

ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်၊

အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။


မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊

မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊

အေဒီ ၄ ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။
( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )

ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊

ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။

ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊

ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ
အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊

ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။

သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။

အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။

လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်

ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -

၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။

မဟာယာန ဘာသာတွင်လည်း -

Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊

Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊

Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။

ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်

(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊

(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။


Mahayana and Theravada

Now, what is the difference between Mahayana and Theravada?

I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between

Theravada and Mahayana with regard to the fundamental teachings.

1- Both accept Sakyamuni Buddha as the Teacher.

2- The Four Noble Truths are exactly the same in both schools.

3- The Eightfold Path is exactly the same in both schools.

4- The Paticca-samuppada or the Dependent Origination is the same in both schools.

5- Both rejected the idea of a supreme being who created and governed this world.

6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.

အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။

ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။

ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်
သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊
မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။

ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။

(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။

ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။


စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --

ကိုးကား --
စူဠ၀ါပါဠိတော်
အနတ္တလက္ခဏသုတ်တော်
ဖားအောက် တရားတော်
Theravada-Mahayana Buddhism written by Ven. Dr. W. Rahula
ဒေါက်တာ ၀ါလ်ပိုလ်လာ ရာဟုလာ ရဲ့ အမြင်များကိုလည်း ဒီနေရာမှာ http://www.kusala.org/udharma3/theramaya.htmlလေ့လာနိင်ပါသေးတယ်။
ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင်.သည်ထင်၍ ပြန်လည်မျှဝေခြင်းသည်ဖြစ်ပါသည်။

Sunday, September 9, 2012

အချိန်တစ်နာ၇ီလောက်ပိုအိပ်ရင် ဘာတွေပြောင်းလဲနိုင်သလဲ

ကျွမ်းကျင်သူတွေကတော့ ဘဝ မှာအချိန်တစ်နာရီ ပိုအိပ်ရုံဖြင့် ပြောင်း လဲနိုင်တာတွေဟာ အများကြီးပါလို့ ဖြေခဲ့ပါတယ်။ အချိန်တစ်နာရီပို၍ အိပ်စက်ရုံဖြင့် သင့်ရဲ့ကျန်းမာရေး၊ ကိုယ်အလေးချိန် ၊အိမ်ထောင်ရေးသာ ယာမှုတို့အပေါ် သက်ရောက်မှုရှိပါ တယ်။ တကယ်လို့သင့်ရဲ့အချိန်ဟာ (၇)နာရီနဲ့ (၈)နာရီအောက်ရောက်နေ ရင်တော့အောက်မှာ ကွန်ပျူတာစော စောပိတ်ပြီး စောစောအိပ်သင့်တဲ့အ ကြောင်းပြချက် (၉)မျိုးကိုဖော်ပြလိုက် ပါတယ်။ 
(၁) လုံလောက်စွာ အိပ်စက်ခြင်းက ကျန်းမာရေးကို ပိုကောင်းစေတယ်လုံလောက်စွာမအိပ်သူတွေမှာ သွေးတိုး၊ ဆီးချို၊ ကိုယ်အလေးချိန်တိုး ခြင်း နှလုံးရောဂါစတဲ့ ဆိုးဝါးတဲ့ရော ဂါတွေ ပိုဖြစ်လေ့ရှိတယ်လို့ ဆိုပါ တယ်။ လေ့လာမှုတစ်ခုအရ နေ့ဆိုင်း အလုပ်ဆင်းသူ ကျန်းကျန်းမာမာ အလုပ်သမားလူငယ် (၁ဝ)ဦးကို ည တိုင်းဆင်းခိုင်းပြီးရက်အနည်းငယ်ကြာ သောအခါ ထိုသူတို့၏သွေးတွင်း သကြားဓာတ်မှာ ဆီးချိုဖြစ်ခါနီး လူ တစ်ယောက်ရဲ့သကြားဓာတ်နီးပါးမြင့် တက်နေကြောင်းတွေ့ရပါတယ်။ (၂) လုံလောက်စွာအိပ်စက်ခြင်းက အိပ်ထောင်ရေးသုခပိုရနိုင်National Sleep Founda tion မှ ပြောပြချက်အရ လူအားလုံးရဲ့ ၂၆%ဟာအိပ်ရေးမဝဘဲ ပင်ပန်းနွမ်း နယ်နေမှုကြောင့် အိမ်ထောင်ရေး သုခလုံလောက်စွာမရကြောင်း တွေ့ရ တယ်။ အိပ်ချိန်လုံလောက်စွာ မရ သောသူများတွင် testosterone ဟုခေါ်သည့် လိင်နှင့်ပတ်သက်သော hormone ကျလာကြောင်းလည်း သိရပါတယ်။ (၃) အိပ်စက်ခြင်းဖြင့် နာကျင်မှုဝေ ဒနာများကို သက်သာစေနိုင် တကယ်လို့များ သင့်မှာ လတ် တလောဒါမှမဟုတ် ယခင်ရရှိခဲ့သော ဒဏ်ရာတစ်ခုခုကြောင့် နာကျင်မှု ဝေဒနာခံစားနေရတယ်ဆိုရင် အိပ် ပျော်အောင်သာအိပ်လိုက်ပါ။ အိပ်စက်ခြင်းဖြင့် နာကျင်မှုဝေဒနာ ခံစားရမှုလျော့နည်းလာကြောင်းကို လေ့လာမှုတွင်အများကြီး လုပ်ပြီး သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာဘဲ နာကျင်နေခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေး ပါတယ်။ (၄) လုံလောက်စွာအိပ်စက်ခြင်းက မတော်တဆထိခိုက်ဒဏ်ရာရမှုကိုလည်း လျော့ကျစေနိုင်US Institute of Medicine မှ လေ့လာမှုတစ်ခုအရှ့ တွင် ယာဉ်တိုက်မှု(၅)မှုဖြစ်တိုင်း (၁)မှုမှာ အိပ်ရေးမဝသည့်အတွက်ကြောင့် ဖြစ်ရသည်ဟုသိရပါတယ်။(၅) အိပ်ရေးဝလျှင် တက်တက်ြွကြွက ရှိစေပါတယ်။ အိပ်ရေးဝဝအိပ်တဲ့နေ့တိုင်း စိတ် ချမ်းသာဖွယ်ရာ တက်တက်ြွကြွက ရှိလိမ့်မယ်လို့တော့ အာမခံနိုင်ပေမယ့် အိပ်ရေးမဝလျှင်တော့ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်တယ်ဆိုတာ သတိ ထားမိမှာပါ။ သင့်ရဲ့ သူဌေးကို စိတ်မ ထိန်းနိုင်ဘဲ နင်ပဲငဆပြန်ပြောမိတာ မျိုးတွေ၊ စိတ်ကိုထိန်းချုပ်ရခက်ခဲတာ မျိုးတွေဟာ အိပ်ရေးမဝတဲ့နေ့တွေမှာ ပိုဖြစ်တတ်ပါတယ်။ (၆) အိပ်ရေးဝဝအိပ်ခြင်းက ကိုယ်အ လေးချိန်ထိန်းနိုင်အိပ်ရေးဝဝအိပ်လျှင် ကိုယ်အ လေးချိန် ထိန်းနိုင်ပါတယ်။ အပြန်အ လှန်အားဖြင့်ကောင်းကောင်းမအိပ်တဲ့ သူတွေမှာ ကိုယ်အလေးချိန်ပိုတိုးတတ် ပါတယ်။ ဘာကြောင့်လဲ။ (က) သင်ပင်ပန်းတဲ့နေ့တွေမှာ ပင်ပန်း တာကိုပြေပျောက်စေရန် အရသာရှိတဲ့ အစားအစာတွေကို ပိုစားဖြစ်ပါတယ်။ (ခ) Leptin ဆိုတဲ့ hormone က ကျွန်တော်တို့ရဲ့ အစာစားချင်စိတ်ကို တင်းတိမ်စေရန် ဆောင်ရွက်ပေးပါ တယ်။ တကယ်လို့အိပ်ရေးဝဝမအိပ် ထားတဲ့ သူတွေမှာတော့ Leptin ပမာဏကျသွားပါတယ်။ ဒါကြောင့် အိပ်ရေးမဝပင်ပန်းနေတဲ့လူတွေဟာ တင်းတိမ်တယ်မရှိဘဲအဆက်မပြတ် အဆီများတဲ့အစာတွေ၊ကယ်လိုရီများတဲ့ အစာတွေ စားလေ့ရှိပါတယ်။ (၇) အတွေးအခေါ်များကို ပိုကြည် လင်စေအိပ်ရေးပျက်ခြင်းက သင့်ရဲ့ အတွေးအခေါ်၊ သင်ယူနိုင်စွမ်း၊ ဆုံးဖြတ်ချက်ရမှုတို့အပေါ်မှာ သက် ရောက်မှုရှိပါတယ်။ (၈) မှတ်ဉာဏ်ပိုကောင်းစေနိုင်သင်ခဏခဏမေ့တတ်နေပြီး လား၊ အဲဒါဆိုရင်တော့ ကိုယ့်ရဲ့အိပ် ရေးပျက်ခံတတ်တဲ့ အကျင့်ကို အရင် ဆုံးအပြစ်တင်လိုက်ပါ။ လေ့လာမှု တစ်ခုအရအိပ်ပျော်နေစဉ်မှာကျွန်တော် တို့ဦးနှောက်ကနေ့ခင်းကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို စနစ်တကျသို လှောင်ပေးပါတယ်၊၊အိပ်ရေးပျက်သူတွေ မှာတော့ဦးနှောက်ကကောင်းကောင်းသို လှောင်ချိန်မရှိတဲ့အတွက် မှတ်Óဏ် ကိုကျစေနိုင်ပါတယ်။ (၉) ခုခံအားစနစ်ကိုအားပေးပါတယ်လေ့လာမှုအသေးစားတစ်ခု တွင် လူ(၁၅ဝ)ဦးအား နှစ်ပတ်ကြာ သူတို့ရဲ့ အိပ်စက်မှုကိုစောင့်ကြည့်ပြီး ထိုသူများအား အအေးမိခြင်းဖြစ်စေ သည့် Cold Virus နှင့် ထိတွေ့စေ သည့်အခါ တစ်ညလျှင် ည၇နာရီသာ အိပ်သောသူများသည် ၈နာရီအိပ် သောသူများထက် အအေးမိခြင်း ဖြစ်နိုင်ချေသုံးဆခန့်ပိုများကြောင်း တွေ့ရပါတယ်။ ဒီလေ့လာမှုက သေး ငယ်တဲ့အပြင် တရားဝင်ထုတ်လွှင့်ဖို့ ဆိုရင်တော့ လေ့လာမှုတွေအများကြီး လုပ်ဖို့လိုပါသေးတယ်။ အဝင်း Ref: WMD

Thursday, July 19, 2012

ရေစက်ချတယ်ဆိုတာ

တကယ်တော့ရေစက်ချတယ်ဆိုတာ “ရှေးထုံးလည်းမပယ်နဲ့၊ ဈေးသုံးလည်းမလွယ်နဲ့”ဆိုတဲ့စကားအတိုင်း ဘုရားလောင်း ဝေဿန္တရာမင်းကြီးဘ၀တုန်းက လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်တစ်ခုကို အတုယူပြီး လိုက်လုပ်နေကြတာပါ။ ဝေဿန္တာမင်းကြီးက ဆင်ဖြူတော်လှူတုန်းက ဆင်ဖြူတော်ရဲ့နှာမောင်းကို အလှူခံပုဂ္ဂိုလ်တွေကိုကိုင်ခိုင်းထားပြီး ရေစက်ချခဲ့ဖူးတယ်။ သားတော်ဂဏှာနဲ့၊ သမီးတော်ဇာလီကို ဇူဇကာပုဏ္ဏားကိုလှူတုန်းကလည်း ရေစက်ချ ဘုရားဆုပန် လှူဒါန်းခဲ့ဖူးပါတယ်။ ရှေးသူတော်ကောင်းတွေပြုလုပ်ခဲ့ဖူးတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်လည်း နောင်လူနောင်သားတွေ လိုက်လုပ်သင့်ပါတယ်။ တကယ်တော့ ရေစက်ချတယ်ဆိုတာကလည်း အဓိပ္မါယ်တွေများကြီးရှိပါတယ်။ ရေကို လှူဖွယ်ဝတ္တုအနေနဲ့တင်စားပြီး အချက်(၃)ချက်နဲ့အညီ ရေစက်ချတာပါ။

(၁) မချီမနိုင်သော ပစ္စည်းဝတ္တုကို ချီမလွယ်ကူသော ရေနှင့်တင်စားခြင်း။

(၂) ရေ၌ ကြည်လင်အေးမြသန့်ရှင်းမှုရှိနေသလို့ အလှူရှင်တွေရဲ့ စိတ်မှာလည်း ကြည်လင်သန်ရှင်းနေပါကြောင်းတင်စားခြင်း။

(၃) ရေတစ်စက်တစ်စက်ကျ၍ ကုန်သွားရာ၌ နှမြောတပ်မက်မှုမရှိသလို လှူ၍ကုန်သွားသော ပစ္စည်းဝတ္တုအပေါ်၌ တပ်မက်မှုတဏှာလောဘ မရှိပါကြောင်းတင်စားပါတယ်။

တကယ်တော့ အလှူတစ်ခုပြုတိုင်း ရေစက်ချဖို့ထက်ပိုအရေးကြီးတာက အမျှပေးဝေဖို့ပါ။ အခြေအနေအရ ရေစက်ချဖို့ အခွင့်မကြုံသော်လည်း အမျှပေးဝေတာကိုတော့ မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုသိုလ်ဖြစ်ကြောင်းတရား(၁၀)ပါးထဲမှာ ပတ္တိဒါန= အမျှပေးဝေခြင်း၊ ပတ္တာနုမောဒနာ = ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်းရယ်လို့ ပါရှိပါတယ်။ နောက်ပြီး အလှူအတန်းပြုလုပ်၍ အမျှပေးဝေမှ သာဓုခေါ်နိုင်တဲ့ ပြိတ္တာတွေအတွက် အမျှပေးဝေမှသာသာဓုခေါ်နိုင်မှာပါ။ တကယ်တော့ အမျှပေးဝေတယ်ဆိုတာ ကုသိုလ်ရှင်ရရှိထားတဲ့ ကုသိုလ်အဖို့တွေကို သာဓုခေါ်တဲ့သူတွေကို ဝေမျှလိုက်တာပါ။ သို့သော်လည်း ကုသိုလ်ရှင်တွေအတွက်တော့ ကိုသိုလ်အဖို့က လျော့ကျသွားခြင်းမရှိပါဘူး။ ဥပမာအားဖြင့် ဖယောင်းတိုင်မီးတစ်တိုင်က မီးကို နောက်ထပ် ဖယောင်းတိုင်ဘယ်လောက်ပဲ မီးကူးပေးလိုက်ပေးလိုက် မူလဖယောင်းတိုင်က မီးအလင်းလျော့ကျမသွားပါဘူး။ ဒါကြောင့် အလှူတစ်ခုပြုလုပ်ပြီးတိုင်း ရေစက်ချတာထက် အမျှပေးဝေဖို့က ပိုအရေးကြီးပါတယ်။ သတ္တ၀ါအများ မေတ္တာပွား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အမြင်မှန်ရနိုင်ပါစေ . . . ။


by kuthala .

Tuesday, July 17, 2012

စကားပြောစွမ်းရည်

သင့်ရဲ့ စကားပြောစွမ်းရည်တွေကို တိုးတက်အောင် လုပ်နိုင်ပါသလား? သေချာတာပေါ့ ။

သင့်ဘ၀တစ်လျှောက်လုံး စွဲမြဲလာခဲ့တဲ့ စကားပြောဆိုမှု ပုံစံတွေကို ပြောင်းလဲဖို့ နည်းနည်းလေးတော့ အချိန်ယူရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ သိပ်ကို ဖြစ်နိုင်ပါတယ်။

ဒီစာကို လိုတာထက်ပိုပြီး ရှည်မသွားရလေအောင်- စကားပြောတဲ့အခါ ကျနော်တို့အများစု ပြုလုပ်တတ်ကြတဲ့ အမှားတစ်ချို့နဲ့ အဲဒါတွေကို ပြောင်းလဲဖို့ နည်းလမ်းတစ်ချို့ကို ကြည့်ကြရအောင်။

၁။ နားမထောင်ခြင်း

အမေရိကန် စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေးက ပြောခဲ့ဖူးတယ် -

” ကျနော်ဟာ နားထောင်ရတာကို သဘောကျတယ်၊ ဂရုတစိုက် နားထောင်ခြင်းကြောင့် တခြားလူတွေဆီကနေ ကျနော်အများကြီး သင်ယူနိုင်ခဲ့တယ်။ လူအများစုကတော့ ဘယ်တော့မှ နားမထောင်တတ်ကြဘူး “

လူအများစုနဲ့ မတူပါနဲ့။ သင်ပြောရမယ့်အလှည့်ကို ရောက်ဖို့ စိတ်အားထက်သန်စွာ စောင့်မနေပါနဲ့။ သင့်ရဲ့စိတ်ကို ခဏကလေး အောင့်ထားလိုက်ပါ။ တခြားသူတွေ ဘာတွေပြောနေကြတယ်ဆိုတာ အမှန်တကယ်နားထောင်တတ်အောင် သင်ယူပါ။

သင် အမှန်တကယ် နားထောင်လိုက်ပြီဆိုတာနဲ့ အဲဒီစကားဝိုင်းမှာ နောက်ထပ် ဘာတွေဆက်ပြောရမယ်ဆိုတဲ့ စကားလမ်းကြောင်းလေးတွေကို သင် ရရှိပါလိမ့်မယ်။ ဒါပေမဲ့ “ဟုတ်တယ်” “မဟုတ်ဘူး” အဖြေတွေကိုသာရမယ့် မေးခွန်းမျိုးကိုတော့ ရှောင်ပါ။ အဲဒီမေးခွန်းတွေက သင့်ကို အကြောင်းအရာတွေ အများကြီး မပေးနိုင်လို့ပါပဲ။ ဆိုကြပါစို့ … စကားဝိုင်းထဲကမှာ တစ်ယောက်က သူ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူငယ်ချင်းနှစ်ယောက်နဲ့ ငါးမျှားထွက်တဲ့အကြောင်း ပြောတယ်၊ ဒါဆို သင် ဒီလို မေးလို့ရတယ် -

ဘယ်နေရာမှာ ငါးမျှားထွက်တာလဲ ?
ငါးမျှားရတာကို ဘာကြောင့် သဘောကျသလဲ ?
ငါးမျှားထွက်ရတာအပြင် တခြားဘာတွေ ၀ါသနာပါသေးလဲ ?

ဒါဆိုရင် ဒီလူဟာ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပြောစရာစကားတွေ ပိုရသွားမယ်၊ သင့်အတွက်လည်း နောက်ထပ်ထပ်ပြောရမယ့် စကားတွေ ပိုပြီး ရလာပါတယ်။

အကယ်၍ သူက ဒီလိုပြောမယ် ” ကျနော်မသိဘူး “

ချက်ချင်း လက်မလျှော့ပါနဲ။ နည်းနည်းလေး တို့ကြည့်၊ ဆွကြည့်ပါ။ ထပ်ပြီး မေးပါ။ ဒါဆို သူတို့နည်းနည်လေး ထပ်စဉ်းစားတော့မယ်။ ပြီးတော့ သူတို့တွေက အဲဒီစကားဝိုင်းကို စဖွင့်လိုက်ပြီဆိုတာနဲ့ ပိုပြီး စိတ်ဝင်စားစရာလည်း ကောင်းလာပါလိမ့်မယ်။

၂။ မေးခွန်းတွေ အများကြီး မေးခြင်း

သင်ဟာ မေးခွန်းတွေချည်းပဲ အများကြီးမေးနေမယ်ဆိုရင်တော့ အဲဒါဟာ အချင်းချင်းစကားပြောနေတာနဲ့မတူဘဲ စစ်ဆေးမေးမြန်းနေတာနဲ့ တူသွားပါလိမ့်မယ်။ ဒါမှမဟုတ် မေးခွန်းတွေချည်းပဲ သင့်မှာ ပြောစရာသိပ်မရှိဘူးဆိုတဲ့ပုံစံနဲ့လည်း တူနေပါတယ်။

နည်းလမ်းတစ်ခုကတော့ မေးခွန်းတွေကို ရိုးရိုးစကားနဲ့ ပေါင်းစပ်လိုက်ဖို့ပါပဲ။ အထက်မှာပြောခဲ့တဲ့စကားကို ဆက်ရရင်- သင်ဟာ အဲဒီမေးခွန်းတွေကို မမေးဘဲနဲ့ ဒီလိုလည်း ပြောနိုင်ပါတယ် ..

ဟုတ်လား၊ တနင်္ဂနွေ အားလပ်ရက်မှာ သူငယ်ချင်းတွေနဲ့ အေးအေးလူလူ အပြင်ထွက်တာ တကယ်ကောင်းတယ်။ ကျနော်တို့ကတော့ ဘီယာ ၆ ပုလင်းလောက်ဝယ်ပြီး ပန်းခြံထဲသွားတယ်၊ ပြီးတော့ လေထဲမှာ ပန်းကန်ပြားလေးတွေ ပစ်တဲ့ ကစားနည်းကို ဆော့ကြတယ်။

ဒါဆိုရင် စကားကို ဒီနေရာကနေ ဆက်လို့ရသွားပါပြီ။ သင်ဟာ ပန်းကန်ပြားပစ် ကစားနည်းအကြောင်းကို ဆက်ဆွေးနွေးနိုင်တယ်၊ ဒါမှမဟုတ် သင်အကြိုက်ဆုံး ဘီယာအကြောင်းကို ဆက်ပြောနိုင်တာပါပဲ

၃။ တင်းကျပ်လွန်းခြင်း

သင်အခုမှ စတွေတဲ့ တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ၊ ဒါမှမဟုတ် ပုံမှန်ပြောနေကျ အကြောင်းအရာတွေ ကုန်သွားတဲ့အခါ ဘာမှမပြောတော့ဘဲ တိတ်ဆိတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။

Leil Lowndes က ပြောဖူးတယ် – ” သတင်းစာမဖတ်ရသေးဘဲနဲ့ အိမ်အပြင်ကို မထွက်ပါနဲ့” – တဲ့။ သင့်မှာ ပြောစရာအကြောင်းအရာ မရှိတဲ့အခါ သင်ဟာ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ သတင်းတွေအကြောင်းကို စ ပြောလို့ရတယ်။ ဒါမှမဟုတ် အခုလက်ရှိ လူကြိုက်များနေတဲ့ အကြောင်းအရာတွေကို သိထားတာလဲ ကောင်းပါတယ်။ ဥပမာ .. Lost ဇာတ်ကားရဲ့ နောက်ဆုံးအခန်းက ဘယ်လိုဖြစ်သွားသလဲ … ဆိုတာမျိုး။

သင့်မိတ်ဆွေအိမ်က ငါးကန်လေးကိုလည်း ချီးမွမ်းလို့ရတယ်။ ဒါမှမဟုတ် သူ့ရဲ့ Mp3 ထဲက သီချင်းတွေအကြောင်း ပြောလို့ရတယ်။ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာတစ်ခုခုအကြောင်းကိုလည်း စပြီး ပြောနိုင်တာပါပဲ။

၎။ ပြောဟန်ဆိုဟန် အားနည်းခြင်း

စကားပြောတဲ့နေရာမှာ အရေးအကြီးဆုံးအချက်တစ်ခုကတော့ – သင် ဘာပြောတယ်ဆိုတာ မဟုတ်ပါဘူး၊ သင် ဘယ်လို ပြောတယ်ဆိုတာပါပဲ။ ဒါက အပြောင်းအလဲတွေ အများကြီးကို ဖြစ်စေပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ အသံနဲ့ သင့်ရဲ့ ခန္ဓာကိုယ် ဘာသာစကား (body language ) ဟာ ဆက်သွယ်ပြောဆိုမှုရဲ့ အဓိကသော့ချက် ဖြစ်လို့ပါပဲ ။

စဉ်းစားရမယ့် အချက်တစ်ချို့ကတော့ -

အရှိန်လျှော့ပါ။ သင်ဟာ အကြောင်းအရာတစ်ခုနဲ့ပတ်သက်လို့ စိတ်လှုပ်ရှားနေတဲ့အခါ စကားပြောတာ ပိုပိုပြီး မြန်လာပါလိမ့်မယ်။ အရှိန်ကို လျှော့ချဖို့ ကြိုးစားပါ။ ဒါဟာ နားထောင်တဲ့သူတွေအတွက် ပိုပြီး လွယ်ကူစေပါလိမ့်မယ်။ ပြီးတော့ သင်ပြောလိုတဲ့အချက်အလက်တွေလည်း သူတို့ဆီကို ရောက်သွားပါလိမ့်မယ်။
ကျယ်ကျယ်ပြောပါ။ သင့်ကို သူတို့တွေကြားရဖို့ လိုအပ်သလောက်ကျယ်ကျယ်ပြောရမှာကို မကြောက်ပါနဲ့။
ရှင်းလင်းစွာပြောပါ။ ဗလုံးဗထွေး မပြောပါနဲ့။
ခံစားချက်အပြည့်နဲ့ ပြောပါ။ သင်ဟာ အသံအနိမ့်အမြင့် မရှိဘဲ ပြောနေမယ်ဆိုရင် ဘယ်သူကမှ နားထောင်ချင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့အသံမှာ သင့်ရဲ့ ခံစားချက်တွေ ရောင်ပြန်ဟပ်နေပါစေ။

၅။ စကားဝိုင်းကို အပိုင်စီးထားခြင်း

ဒီလိုမျိုးအဖြစ်တွေကို ကျနော် မကြာခဏကြုံရဖူးတယ်။ စကားဝိုင်းမှာရှိတဲ့လူတိုင်းဟာ အဲဒီစကားဝိုင်းမှာ ပါဝင်ရပါမယ်၊ သူတို့အတွက် စကားပြောဖို့အချိန်ကိုလည်း ပေးရပါလိမ့်မယ်။ တစ်ယောက်ယောက်က ပုံတိုပတ်စတစ်ပုဒ်ကို ပြောနေတဲ့အခါ ကြားဖြတ်မပြောပါနဲ့၊ ဒါမှမဟုတ် သင်ပြောတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ တစ်ယောက်ယောက်က သူ့အမြင်ကို ပြောတဲ့အခါ လူတွေရဲ့အာရုံကို သင့်ဆီပြန်ရောက်လာအောင်ဆိုပြီး စကားကို ဖြတ်ပြောတာမျိုး မလုပ်ပါနဲ့။ ပြောခြင်းနဲ့ နားထောင်ခြင်းကို ဟန်ချက်ညီအောင်လုပ်ပါ။

၆။ ကိုယ့်ဘက်က အမြဲမှန်ခြင်း

ငြင်းခုန်တာမျိုး၊ ပြီးတော့ ပြောသမျှအကြောင်းအရာတိုင်းမှာ ကိုယ့်ဘက်ကပဲ အမြဲမှန်တယ်ဆိုတာမျိုးကို ရှောင်ပါ။ ဒါဟာ ဆွေးနွေးပွဲတစ်ခု မဟုတ်ပါဘူး။ ပြောသမျှ အကြောင်းအရာတိုင်းမှာ သင် “နိုင်” လို့လည်း ဘယ်သူကမှ သင့်ကို အထင်ကြီးကြမှာမဟုတ်ပါဘူး။ အဲဒီအစား – ထိုင်ခုံမှာ ပြန်မှီထိုင်လိုက်ပါ၊ သက်သောင့်သက်သာနေပါ။ ကောင်းတဲ့ခံစားချက်လေးတွေ ဆက်လက် သွားနေပါစေ။

၇။ ဘယ်လိုကြီးမှန်းမသိအောင် ထူးခြားသော အကြောင်းအရာများကို ပြောခြင်း

အကယ်၍ သင်ဟာ ဧည့်ခံပွဲတစ်ခုမှာရောက်နေမယ်၊ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ ရင်းနှီးဖို့ကြိုးစားနေတယ်ဆိုရင် စကားပြောတဲ့အခါ တချို့အကြောင်းအရာတွေကို ရှောင်ရှားဖို့ လိုပါလိမ့်မယ်။ သင့်ရဲ့ ကျန်းမာရေးမကောင်းတဲ့အကြောင်း၊ ဒါမှမဟုတ် အဆင်မပြေတဲ့ ဆက်ဆံရေးတွေအကြောင်း၊ သင့်ရဲ့ အလုပ်မကောင်းကြောင်း၊ သူဋ္ဌေးရဲ့ဆိုးပုံတွေ၊ ဒါမှမဟုတ် သင်နဲ့ တခြားလူတစ်ယောက်တည်းသာ နားလည်မယ့် အကြောင်းအရာမျိုးတွေ ပြောခြင်းကို ရှောင်ပါ။ သင့်ရဲ့သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ ငြင်းခုန်ရမယ့်အကြောင်းအရာမျိုးတွေကိုလည်း ရှောင်ဖို့လိုပါလိမ့်မယ်။

၈။ ပျင်းစရာကောင်းနေခြင်း

ပတ်ဝန်းကျင်ကို သတိမထားဘဲ သင့်ရဲ့ ကားအသစ်ကြီးအကြောင်း ၁၀ မိနစ်လောက် တတွတ်တွတ် ပြောတာမျိုး မလုပ်ပါနဲ့။ တခြားသူတွေက ပျင်းလာပြီဆိုရင် အဲဒီအကြောင်းအရာကို ရပ်လိုက်ဖို့ အသင့်ပြင်ထားပါ။

အကြောင်းအရာတစ်ခုကို စိတ်ဝင်စားစရာကောင်းအောင်ပြောဖို့ နည်းလမ်းတစ်ခုကတော့ ရိုးရှင်းစွာပြောခြင်းပါပဲ။ပြီးတော့ အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေအပေါ်မှာပဲ အာရုံစိုက်ပါ။ သင့်ရဲ့ သူဋ္ဌေးအကြောင်း ၊ သင့်အလုပ်အကြောင်း ညည်းညူပြောတာမျိုးနဲ့ စကားဝိုင်းကို မစတင်ပါနဲ့။ တခြားသူတွေက အဲဒီအကြောင်းအရာတွေကို နားမထောင်ချင်ကြဘူးလေ။ အဲဒီအစား – သင်နောက်ဆုံးသွားခဲ့တဲ့ အပျော်ခရီးအကြောင်းပြောပါ၊ သင် အ၀တ်အစားဝယ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ ရီစရာအဖြစ်အပျက်တစ်ခုအကြောင်း၊ ဒါမှမဟုတ် နှစ်သစ်ကူးညအတွက် သင် ဘယ်လို စီစဉ်ထားတယ်ဆိုတဲ့အကြောင်း၊ ဒါမှမဟုတ် တခြား ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အကြောင်းအရာမျိုးကို ပြောပါ။

၉။ တုန့်ပြန်မှုမရှိခြင်း

ပွင့်လင်းပါ၊ သင်တွေးမိတာတွေကို ပြောပါ၊ သင်ခံစားရတာကို မျှဝေပါ။ တခြားတစ်ယောက်က သူ့ရဲ့အတွေ့အကြုံတစ်ခုကို မျှဝေလာရင်လည်း ဖွင့်ပေးပါ၊ ပြီးတော့ သင့်ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပါ။ ခေါင်းညိတ်ခေါင်းခါနေတာမျိုးပဲ မလုပ်ပါနဲ့။ သူတို့ကလည်း သင့်ကို စကားဝိုင်းထဲမှာ ပါဝင်စေချင်ကြတယ်လေ။

ဘ၀ရဲ့ တခြား ကဏ္ဍတွေမှာလိုပဲ၊ သင်ဟာ တစ်ဘက်က စရွေ့လျားတာကို အမြဲတမ်းတော့ စောင့်မနေနိုင်ပါဘူး။ လိုအပ်တဲ့အခါ၊ စကားဝိုင်းကို ကိုယ်က အရင် စဖွင့်ကိုပါ။

၁၀။ ပြောစရာ များများမရှိခြင်း

စကားပြောနေရင်းနဲ့ ပြောစရာမရှိတော့တာမျိုးကို ကြုံဖူးပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကြိုးစားပါ။ တခြားသူတွေ ဘာတွေပြောနေကြတယ်ဆိုတာကို အမှန်တကယ် နားထောင်ပါ၊ စိတ်ဝင်စားပါ။ မေးခွန်းတွေမေးပါ။ ဆက်စပ်တဲ့အကြောင်းအရာတွေကို ပြောပါ။

သင့်ရဲ့ မျက်စိတွေကိုလည်း ဖွင့်ထားပါ။ သင့်ရဲ့ ပတ်ဝန်းကျင်လေ့လာမှုစွမ်းရည်ကို အားကောင်းအောင်လုပ်ပါ။ သင့်ပတ်ဝန်းကျင်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ခုကို ရှာဖွေပါ။ ကမ္ဘာကြီးမှာဖြစ်နေတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေအပေါ် သင့်အမြင်ကို ဖြန့်ကျက်ထားခြင်းဖြင့် သင့်ရဲ့ကိုယ်ပိုင် ဗဟုသုတ ဘဏ်စာရင်းကို တိုးပွားအောင်လုပ်ပါ။ သတင်းဂျာနယ်တွေ ဖတ်ပါ။ လက်ရှိ လူကြိုက်များနေတဲ့အကြောင်းအရာတွေကိုလည်း သိပါစေ။

သင့်ရဲ့ ခန္ဓာကိုယ်ဘာသာစကား (body language) ကိုလည်း ပိုပြီးကောင်းမွန်အောင်လုပ်ပါ။

ဒါပေမဲ့ အေးအေးဆေးဆေး လုပ်ပါ။ ဒါတွေအားလုံးကို တစ်ပြိုင်နက်တည်းမှာ လုပ်ဖို့မလိုအပ်ပါဘူး။ ဒီအချက်တွေထဲက သင့်ရဲ့ စကားပြောစွမ်းရည်နဲ့ပတ်သက်လို့ တိုးတက်အောင်လုပ်ဖို့လိုတယ်လို့ ထင်တဲ့ အရေးအကြီးဆုံး အချက်သုံးခုကို ရွေးပါ။ ပြီးရင် နေ့စဉ်နေ့တိုင်း ရက်သတ္တပတ် ၃-၄ပတ်လောက် လေ့ကျင့်သွားပါ။ ဘာတွေ ပြောင်းလဲလာသလဲဆိုတာကိုလည်း မှတ်သားထားပါ။ သိပ်မကြာခင်မှာပဲ သင် စကားပြောတဲ့အခါ သင့်ရဲ့ အလေ့အကျင့်အသစ်တွေဟာ အလိုလို စတင် ပေါ်ထွက်လာပါလိမ့်မယ်။

Ref: Do You Make These 10 Mistakes in a Conversation? by Henrik Edberg

Post Credit to Your Life Success Blog

by ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့

Saturday, May 26, 2012

ဘ၀ အောင်မြင်မှုကို ပြောပြနေတဲ့ ABCD


အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။ အဲဒီ
အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .


A=1, B=2, C=3, D=4, E=5,

F=6, G=7, H=8, I=9, J=10,

K=11, L=12, M=13, N=14, O=15

P=16, Q=17, R=18, S=19, T=20

U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့
နံပါတ်တစ်ခုစီ ရှိသွားပါပြီ။

ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။ 

၁။ အလုပ်ကြိုးစားခြင်း (Hard Work)

H+A+R+D+W+O+R+K

8+1+18+4+23+15+18+11= 98 %

အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။



၂။ ဗဟုသုတ (Knowledge)

K+N+O+W+L+E+D+G+E

11+14+15+22+12+5+4+7+5 = 96 %

ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။



၃။ ချစ်ခြင်းတရား (Love)

L+O+V+E

12+15+22+5 = 54 %

ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။



၎။ ကံတရား (Luck)

L+U+C+K

12+21+3+11 = 47 %

ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်
အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။ 

၅။ ပိုက်ဆံ (Money)

M+O+N+E+Y

13+15+14+5+25 = 72 %

မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။ ဒါဆိုရင်



၆။ ခေါင်းဆောင်မှု အရည်အသွေး (Leadership)

L+E+A+D+E+R+S+H+I+P

12+5+1+4+5+18+19+8+9+16 = 89 %

ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကို
စိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ ဟုတ်ပြီ . . .စိတ်နေစိတ်ထား။ 


၇။ စိတ်နေစိတ်ထား (Attitude)

A+T+T+I+T+U+D+E

1+20+20+9+20+21+4+5 = 100 %

ရပါပြီ . . . ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့
စိတ်နေစိတ်ထားပါပဲ။ “Attitude is everything ” လို့ ဆိုပါတယ်။ ကိုယ့်ရဲ့
စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့ ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။
အခု အဖြေကို သိရပါပြီ။
 ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။ 

မူရင်းရေးသားသူ: Kyawzin O

Sunday, May 13, 2012

စာရိတ္တမွေးမြူခြင်း

စာရိတ္တသတ္တိ (သို့မဟုတ်) စိတ်ဓါတ်သတ္တိကို မွေးမြူပျိုးထောင်ဖို့ ခက်တယ်လို့ ဗိုလ်ချုပ်ကြီးဆလင်းက ပြောခဲ့ဖူးပါတယ်။ ခက်ပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အဲဒါကို တစ်ထစ်ချ ပြောနိုင်ပါတယ်။ ငါကိုယ်တိုင် သတိပြုမိတာလေးတွေကို ပြောပြချင်ပါတယ်။

ငါတို့ တိုင်းပြည်မှာတော့ဖြင့် အဲဒီစာရိတ္တသတ္တိကို အပေးနိုင်ဆုံးဟာ ဗုဒဘာသာလို့ပဲ ထင်မိပါတယ်။ ဒီလိုဆိုလိုက်တော့ တခြားဘာသာရေးတွေက မပေးနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ငါ့အနေနဲ့ တွေ့ရမြင်ရတာလောက်ကိုသာ ပြောပြတာပါ။

ဥပမာတစ်ခုကို ပြောပြလိုက်ချင်ပါတယ်။ မင်းတို့တစ်တွေ ဦးဂိုအင်ကာ ဆိုတာကို ကြားဖူးကြပါလိမ့်မယ်။ သူ့ကို နိုင်ငံတော်အစိုးရက သာသနာ့ အကျိုးတော်ဆောင် လူပုဂိုလ်ကြီးအဖြစ် ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ခဲ့ပါသေးတယ်။ မဂဇင်းတစ်စောင်မှာ သူ့အကြောင်း နည်းနည်းဖတ်လိုက်ဖူးတာထဲက ပြောပြချင်ပါတယ်။ သူဟာ ဗုဒဘာသာ ၀ိပဿနာအလုပ်ကို အလေးအနက် အားထုတ်ခဲ့ပါတယ်။ တရားဘက်မှာ အလွန်ကို မွေ့လျော်သွားပါတယ်။ အလုပ်ရုံ စက်ရုံတွေကို ပြည်သူပိုင်သိမ်းလိုက်တော့ သူပိုင်ပစ္စည်းလုပ်ငန်း သိန်း ၉၀ ဖိုး လောက် အသိမ်းခံလိုက်ရပါတယ်။ ဒါပေမဲ့ သူ့မှာ ဘာမှ တုန်လှုပ်ချောက်ချားခြင်း မဖြစ်လိုက်တဲ့အပြင် အစိုးရအပေါ်မှတောင် အမျက်မထွက်၊ မေတ္တာမပျက် နေနိုင်ပါတယ်လို့ ရေးထားပါတယ်။ အဲဒါမျိုးဟာ တော်ရုံတန်ရုံ စိတ်ဓါတ်မှ မဟုတ်ပါပဲကလား။ အဲဒါဟာ တရားတော်ရဲ့ ကျေးဇူးပါပဲလို့ ၀န်ခံခဲ့ပါတယ်။

ဒီနေရာမှာ သတိပြုလိုက်မိဖို့ကောင်းတာ တစ်ချက်ကတော့ တပ်မက်မှု လောဘကို ထိန်းသိမ်းလိုက်တာကြောင့် ပူပန်မှုပျောက်သွားခြင်း ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ တစ်ဆက်တည်း ပြောလိုက်ချင်တာက အဲဒီလောဘကြောင့် ပစ္စည်းဥစ္စာ ငွေကြေးအာဏာ စသည်တို့ကို ရှာဖွေကြတယ်။ နည်းနည်းရလာပြန်တော့များများလိုချင်လာကြပြန်တယ်။များများရလာပြန်တော့လည်း နောက်ထပ် များများ လိုချင်လာပြန်တယ်။ အဲဒီလိုနဲ့ အတောမသတ်နိုင်တော့ဘဲ သာမန်လောဘကနေပြီးမတော်လောဘ အဖြစ်ကို ရောက်သွားပြန်တယ်။

မတော်လောဘ ဖြစ်လာလိုက်တော့ အကုသိုလ်တွေ၊ ဒုစရိုက်တွေ၊ ပြစ်မှုတွေ ဆိုမျာိုးကို မမြင်နိုင်ကြတော့ဘူး။ ချမ်းသာရင်ပြီးရော၊ တန်ခိုးသြဇာရရင် ပြီးရောဆိုတာမျိုးတွေ ဖြစ်လာကြတော့တာပဲ။ အဲဒီလို ကိုယ့်အတွက်ကိုချည်းကြည့်ပြီး လုပ်ဆောင်လာလိုက်တော့တစ်ယောက်ချမ်းသာ ကိုယ့်ဖို့ရှာ၊ သတ္တ၀ါပေါင်း ဆင်းရဲကြောင်း ဆိုတာလို ပတ်ဝန်းကျင်ကို ထိခိုက်လာပြန်ရော။

ငွေကြေးသိန်းသန်းချီပြီး ကြွယ်ဝချမ်းသာနေပါလျက်နဲ့ မရောင့်ရဲနိုင်၊ လောဘကို မထိန်းသိမ်းနိုင်ဖြစ်ပြီး ဒုစရိုက်တွေ၊ ပြစ်မှုတွေ ကျူးလွန်မိကြတဲ့ အတွက်ကြောင့် အဖမ်းခံရ၊ ဂုဏ်သရေပျက်၊ စည်းစိမ်ပျက် ဖြစ်ကြရတဲ့သူတွေ အကြောင်း မင်းတို့ ငါတို့ မကြားချင်အဆုံး ခဏခဏ ကြုံနေကြရတာကို သတိပြုမိကြမှာပေါ့။ သတိပြုရုံသာမဟုတ်ဘဲ သတိတရားလည်း ရသင့်ကြပါတယ်။

အဲဒီလို လောဘရဲ့ ဆန့်ကျင်ဘက်ကတော့ အလောဘလို့ခေါ်တယ်။ လောဘမရှိတော့တဲ့အတွက်ကြောင့် (လောဘကို ချုပ်တည်းထိန်းသိမ်းနိုင်တဲ့ အတွက်ကြောင့်) သူတစ်ပါး ကောင်းကျိုးအတွက် လှူဒါန်းနိုင်တယ်။ စွန့်ကြဲနိုင်တယ်၊ အများအကျိုး ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ကြတယ်။ မိဘမဲ့ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ပရဟိတကျောင်းတွေက ဘုန်းတော်ကြီးတွေ၊ လူပုဂိုလ်တွေရဲ့ လူမှုဝန်ထမ်းလုပ်ငန်းမျိုးတွေ၊ ဒုက္ခိတကိုးကွယ်ရာမဲ့တွေကို မရွံမရှာ စိတ်လက်ရှာစွာနဲ့ ကြင်နာစောင့်ရှောက်နေကြတဲ့ ခရစ်ယာန်လူမှုဝန်ထမ်းပုဂိုလ်တွေရဲ့ သတ္တိမျိုးတွေဟာ ဘာသာရေးကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ စာရိတ္တသတ္တိတွေပဲ မဟုတ်လား။

သူတို့လို အများအတွက် ကိုယ့်ဘ၀တစ်ခုလုံးကို မြှုပ်နှံပစ်လိုက်ဖို့ ဆိုတာကို စဉ်းစားကြည့်စမ်းပါ။ တော်ရုံသတ္တိမျိုး မဟုတ်ဘူး။ မင်းတို့ ငါတို့လို သာမန်လူတွေအဖို့ ကြက်သီးမထလောက်ပေဘူးလား။ အဲဒီလောက်ထိအောင် စာရိတ္တသတ္တိမကောင်းနိုင်ရင် ရှိပါစေဦးတော့၊ သူတို့သတ္တိမျိုးကို ရိုသေကြည်ညိုတတ်တဲ့ စိတ်မျိုးလောက်တော့ မရှိသင့်ပေဘူးလား။ သူတို့မျက်နှာကို ထောက်ထာြး့ပီး ကိုယ့်အကျိုးသက်သက် မတော်လောဘကို မချုပ်တည်းသင့်ကြပေဘူးလား။

ဒါတွေကို တစ်ဆက်တည်း ပြောလိုက်ရတာက ကာယသတ္တိထက် စာရိတ္တသတ္တိက ပိုပြီး ခက်ခဲမြင့်မားတယ်ဆိုတာကို အလေးအနက် သဘောပေါက်စေချင်လို့ပါပဲ။ နောက်ပြီး စာရိတ္တသတ္တိ မရှိဘဲ လူကောင်းတစ်ယောက် ဖြစ်မလာနိုင်တာကို အမြဲသတိရနေပြီး စာရိတ္တသတ္တိ ပျိုးထောင်မွေးမြူရေးကိုလည်း အာရုံပြုနေကြစေချင်လို့လည်း ဖြစ်ပါတယ်။

သင်္ချာပါမောက္ခ ဦးအောင်လှ
မင်းတို့လူငယ်တွေက များသောအားဖြင့် ကျောင်းသားတွေ ဖြစ်နေကြလို့ (ငါကိုယ်တိုင်ကလည်း ကျောင်းသားတွေကိုသာလျှင် အများဆုံး အာရုံပြုနေမိတာ ဖြစ်လို့) စာသင်ခန်းအတွင်း သတ္တိမွေးမြူပုံကို ပြောလိုက်ချင်ပါသေးတယ်။ ရန်ကုန်တက္ကသိုလ်က ပညာကျော် သင်္ချာပါမောက္ခ ဆရာကြီးဦးအောင်လှ ပြောခဲ့တဲ့ စကားလေးကို ပြန်ပြီး ဖေါက်သည်ချလိုက်ပါရစေ။

၁၉၅၈-၅၉ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်လောက်က ကြားနာခဲ့ရတာပါ။ ငါက တက္ကသိုလ်ကျောင်းသားကြီးဘ၀ပေါ့။ ဒီတုန်းက ရန်ကုန်တက္ကသိုလ်မှာ ဒီဇင်ဘာလ ရောက်ပြီးဆိုရင် စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ရွှေဘို စတဲ့ အဆောင်တွေမှာ နှစ်လည်ညစာ စားပွဲလုပ်လေ့ရှိကြပါတယ်။ တစ်ဆောင်နဲ့ တစ်ဆောင် အပြိုင်အဆိုင် သဘောမျိုးလေးလည်း ရှိတတ်လေတော့ အဆောင်ကြီး တစ်ခုလုံးမှာ မီးရောင်စုံတွေ ထွန်းပြီး အငြိမ့်တွေဘာတွေနဲ့ပေါ့။ နောက်ပိုင်းမှာတော့ ရေဒီယိုအဆိုကျော်တွေကို ဖိတ်ပြီး ခေတ်ပေါ်တီးဝိုင်းတွေ ဘာတွေနဲ့ ဖြစ်လာကြတယ်။ မင်းတို့ ခုခေတ်စတိတ်ရှိုးရဲ့ ရှေပြေးဆိုပါတော့။

ဘယ်အဆောင် ညစာစားပွဲ၊ ဘယ်နေ့၊ ဘယ်အဆိုတော်တွေ ဆိုတာကို ပိုစတာတွေဘာတွေကပ်ပြီး ကြော်ငြာတာ။ ကျောင်းသားတွေကလည်း မက်မက်မောမောသွားပြီး နားထောင်ကြလေ့ရှိတာကြောင့် အလွန်ကို စည်းကားတတ်ပါတယ်။

အဲဒီလို ညစာစားပွဲတွေမှာ ပါမောက္ခတွေကိုလည်း ဖိတ်တတ်ကြပါတယ်။ ဆရာကြီးများကတော့ အခါခပ်သိမ်း ဘယ်မှာ လာနိုင်ကြပါ့မလဲ။ အားလပ်လို့ အခွင့်သင့်တဲ့အခါမျိုးလောက်မှာသာ ကြွလာနိုင်ကြရှာပါတယ်။ ညစာစားပြီးတဲ့ အခါမှာလည်း ဆရာကြီးတစ်ယောက်တစ်လေက မိန့်ခွန်းလေး ဘာလေး ပြောတတ်ပါတယ်။ အလေးအနက် ခမ်းခမ်းနားနားကြီးတော့ မဟုတ်ပါဘူး။ သာမန် ပဋိသနာရစကားမျိုးလောက်ပါပဲ။

တစ်ကြိမ်မှာတော့ သထုံဆောင်လား၊ ပဲခူးဆောင်လား မမှတ်မိတော့ဘူး။ အဲဒီညစာစားပွဲမှာ ငါကလည်း အဆိုတော်တွေကို နားထောင်မယ်လို့ သွားတော့ ထမင်းစားပွဲအပြီးမှာ ဆရာကြီးတစ်ယောက် မိန့်ခွန်းပြောနေတာကို တွေ့လိုက်ရတယ်။ ဆရာကြီး ဦးအောင်လှပါပဲ။

သူ့စကားအသွားအလာကို ထောက်ကြည့်ရတာ ထမင်းစားနေကြရင်း တစ်ယောက်ယောက်က သူ့ကို သင်္ချာပါရမီကြီးရင့်သူ သင်္ချာဦးနှောက်ပါလာသူလို့ အံ့သြချီးကျူးခြင်း ပြုလိုက်တယ်နဲ့တူပါတယ်။ သူ့စကားက-

“မင်းတို့က ငါ့ကို သင်္ချာပါရမီ၊ သင်္ချာဦးနှောက်ပါလာတဲ့သူလို့ ထင်နေကြပုံရတယ်၊ မဟုတ်ဘူးကွ။ အဲဒါ မင်းတို့ မှားနေကြပြီ။ မင်းတို့ ထင်နေကြသလိုသာ ငါ့မှာ သင်္ချာပါရမီ၊ သင်္ချာဦးနှောက် ဆိုတာမျိုး ပါလာခဲ့မယ်ဆိုရင် ငါဟာ ငယ်ငယ်လေးကတည်းက သင်္ချာထူးချွန်လာခဲ့ရမှာပေါ့။ ငါ့မှာဖြင့် သင်္ချာမှာ ချွန်ဖို့ဝေးလို့ ဖျင်းတဲ့ ညံ့တဲ့အထဲမှတောင် ပါနေခဲ့သေးတယ်၊ ငါ စိတ်အညစ်ဆုံး ဘာသာရပ်ပါပဲ။ စာမေးပွဲတွေမှာဆိုရင်လည်း အောင်မှတ်လောက် ကလေးရဖို့တောင် တထိတ်ထိတ် ဖြစ်နေခဲ့တာချည်းပါပဲ။”

ဒီလိုနဲ့ သင်္ချာကို ဖြစ်သလို အောင်လာခဲ့ရတာ ခုနှစ်တန်း ရောက်တော့ တစ်နေ့မှာ ဆရာကလည်း ငါ့ကို သင်္ချာတစ်ပုဒ်ကို သေချာရှင်းပြ၊ ငါကလည်း နားကိုမလည်နိုင်၊ ဒုက္ခကိုရောက်လို့။ နောက်ဆုံးကျတော့ ဆရာဖြစ်တဲ့သူကလည်း စိတ်မရှည်နိုင်တော့ဘဲ နားရင်းကို တစ်ချက်ရိုက်လိုက်တာ ထူပူသွားတာပဲ။ ရှက်တာရော၊ ဒေါသဖြစ်တာရောပေါင်းပြီး မွှန်ထူသွားတာပဲ။ ဆရာ့ကို ဒေါသဖြစ်တာတော့လည်း မဟုတ်ဘူးပေါ့။ ဘာကို ဒေါသဖြစ်လိုက်မှန်းကို မသိဘူး။

အဲဒီမှာတင် ဒီလောက်တောင်ခက်လိုက်တဲ့ သင်္ချာ၊ ခက်ဦးဟ … ခက်ဦးဟ ဆိုပြီး ဒေါသဖြစ်ဖြစ် အမြင်ကတ်ကတ်နဲ့ တအားကုန် ကျုံးပြီး တွက်ပစ်တာပဲ။ ဒီလိုတွက်ရင်းနဲ့ပဲ သဘောပေါက်စပြုလာတော့ သင်္ချာကို ချစ်မှန်းမသိ ချစ်လာတယ်။ အဲဒီနှစ်ကစပြီး သင်္ချာမှာ ဂုဏ်ထူးထွက်လာခဲ့ တော့တာပဲ။ နောက်တော့ မင်းတို့ မြင်တဲ့အတိုင်း သင်္ချာပါမောက္ခ ဖြစ်လာတယ်။

ဒီတော့ ငါပြောချင်တာက မင်းတို့ထင်သလို ငါ့မှာ သင်္ချာပါရမီတွေ၊ သင်္ချာဦးနှောက်တွေ ပါလာလို့ မဟုတ်ဘူးကွ။ အမြင်ကတ်ကတ်နဲ့ စွတ်ပြီး တွက်ပစ်လိုက်လို့ သင်္ချာမှာ တော်လာခဲ့ရတာ”

အဲဒါဟာ သင်္ချာပညာကျော် ပါမောက္ခ ဦးအောင်လှရဲ့ စကားပါပဲဗျား။ ငါလည်း အဲဒီညက အဆိုတော်တွေရဲ့ သီချင်းကိုတောင် ခါတိုင်းလို စိတ်မ၀င်စားနိုင်ပါဘူး။ ဆရာကြီးရဲ့စကားကိုပဲ ခဏခဏပြန်ပြီး သတိနေခဲ့မိပါတယ်။

ကဲ … ဆရာကြီး ဦးအောင်လှ ဖြစ်ခဲ့ပုံကို ပြန်ပြီးသုံးသပ်ကြည့်လိုက်ကြရအောင်။ ဆရာကြီးက သင်္ချာမှာ ညံ့ခဲ့တယ်။ အဲဒီတော့ သင်္ချာကို ကြောက်သွားမှာပေါ့။ သင်္ချာအချိန်ရောက်လာမှာကိုပဲ စိတ်က မသိမသာလန့်နေမှာပေါ့။ သူဟာ သင်္ချာကို ကြောက်နေပြီ။ ဆရာရှင်းပြတဲ့အခါလည်း ပင်ကိုဥာဏ်ဖျင်းလှသူ မဟုတ်ပါဘဲနဲ့ ကြောက်စိတ်ကြောင့် ထုံနေတာပဲ ဖြစ်မှာပေါ့။ အဲဒီလိုကို ထုံသွားအောင် ကြောက်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးမှာ သူက ထွက်မပြေးခဲ့ဘူး။ တကယ်လို့သာ ထွက်ပြေးခဲ့ရင် သင်္ချာပါမောက္ခ ဖြစ်လာဖို့ကို မဆိုထားနဲ့၊ ပညာအရာမှာ လူလားတောင်မြောက်ခဲ့မယ် မဟုတ်ဘူး။ ခုတော့ သူက ထွက်မပြေးတဲ့အပြင် သင်္ချာကို ရဲရဲကြီး စိန်ခေါ်ပြီး ရင်ဆိုင်ပစ်လိုက်တယ်။ ရန်သူ (အခက်အခဲ)ရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီး တိုက်ပွဲဝင်ပစ်လိုက်တယ်။

အဲဒါ သတ္တိ ပဲမဟုတ်လား။ လက်ဝှေ့ကြိုးဝိုင်းထဲမှာ၊ စစ်မြေပြင်မှာ သတ္တိရှိဖို့ လိုအပ်သလို စာသင်ခန်းထဲမှာလည်း သတ္တိရှိဖို့ လိုအပ်တယ်ဆိုတာ မထင်ရှားပေဘူးလား။

လက်ဝှေ့ကြိုးဝိုင်းသတ္တိမျိုးဆိုတာက လက်ဝှေ့ထိုးချိန်လောက်မှာပဲ လိုအပ်တာ။ လက်ဝှေ့ထိုးနိုင်တဲ့ အရွယ်လောက်အထိသာ လိုအပ်တာ။ ဦးနှောက်စိန်ခေါ်မှုကို လက်ခံဝံ့တဲ့ သတ္တိမျိုးဆိုတာက သေသည်အထိ သုံးစွဲသွားကြရမှာ။ ဒါကြောင့် ဆရာကြီးဦးအောင်လှဲရဲ့ သတ္တိမျိုးရအောင် မွေးမြူခြင်းဟာ မင်းတို့အတွက် သေရေးရှင်ရေးလို အရေးကြီးတယ်ဆိုတာကို သတိပြုကြဖို့ လိုပါတယ်။

ဦးအောင်လှ လမ်းစဉ်ကို ဖြန့်ပေးခြင်း
လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ကြုံလိုက်ရတာကလေးတစ်ခုကို ပြောလိုက်ချင်ပါသေးတယ်။ သချာင်္ကို သိပ်ပြီး စိတ်ပျက်နေတဲ့ ကျောင်းသားတစ်ယောက်ကို တွေ့ရပါတယ်။ သူက သချာင်္နဲ့ ပတ်သက်ပြီး သိပ်ကိုစိတ်ဓာတ်ကျနေတာပါ။ ၉တန်းဖြေထားတာဆိုတော့ ၁၀ တန်းတက်ရတော့မယ်ပေါ့။ ၉ တန်းမှာတောင်မှ အောင်မှတ်လောက် ကလေးရအောင် မနည်းကြီး ကြိုးစားပမ်းစားလုပ်ခဲ့ရတာမို့ ၁၀တန်းမှာဖြင့် ဒုက္ခလှလှကြီးရောက်ရတော့မယ်။ ဘာလုပ်ရမှန်းမသိဘူး။ ဘယ်ဆရာ့ဆီမှာ ကျူရှင်ယူရရင်ကောင်းမလဲဆိုတာမျိုး ငါ့ဆီမှာ အကြံဥာဏ်တောင်းတာပါပဲ။

ငါလည်း ဆရာကြီး ဦးလှအောင် ပြောခဲ့ဖူးတာကို သတိသွားပြီးရလိုက်မိတာနဲ့ သူ့ကို ဆရာကြီး ပြောသမျှပြန်ပြီး ဖောက်သည်ချလိုက်ပါတယ်။ ပြီးမှ -

မင်း စဉ်းစားကြည့်ပေါ့။ အဲဒီလို သချာင်္မှာ ချာတူးလန်ခဲ့ပါတယ်ဆိုတဲ့ ပုဂိုလ်တစ်ယေက်က သချာင်္မှာ ပါမောကကြီး ဖြစ်သွားခဲ့ပါသေးတယ်။ အဲဒါ သူများပြောတာမဟုတ်ဘူး။ သူကိုင်တိုင်က ပြန်ပြောပြတာ။
နောက်ပြီး မင်းတို့ကို သတိပေးချင်တာတစ်ခုရှိသေးတယ်။ မင်းတို့ဟာ ကျူရှင်ကို အားကိုးနေလွန်းတယ်။ မိဘကိုချည်း အားကိုးလွန်းတဲ့ ကလေးတစ်ယောက်ဟာ လူလားမြောက် ရင့်ကျက်ဖို့ခက်သလို ကျူရှင်ကိုချည်း ဖိပြီးအားကိုးလွန်းနေရင် မင်းတို့ဦးနှောက်ဟာလည်း လူလားမြောက်တော့မှာ မဟုတ်ဘူး။ ဒီတော့ ဒီလို လုပ်စမ်းကွာ-

ဘယ်ကျူရှင် ဘယ်ဆရာကိုမှ အားကိုးမနေဘဲနဲ့ ရှစ်တန်းသချာင်္ကို သေချာနားလည်အောင် ကိုယ့်ဘာသာ ပြန်တွက်ကြည့်စမ်းကွာ၊ ရှစ်တန်းသချာင်္ကိုတောင်မှ ကောင်းကောင်းနားမလည်နိုင်သေးပါဘူးဆိုရင် စိတ်ပျက်မနေနဲ့၊ ခုနစ်တန်းသချာင်္ထိအောင် ပြန်ဆင်းကွာ၊ ဘာမှ ရှက်နေစရာမလိုဘူးကွာ၊ အခြေခံကစပြီး ပိုင်နေအောင် ကိုင်ပစ်လိုက်စမ်းကွာ။ ထွက်မပြေးနဲ့ကွ။ ပြေးရင် တစ်သက်လုံးပြေးလို့ကို ဆုံးမှာ မဟုတ်တော့ဘူး။ ဇွဲကောင်းကောင်းနဲ့ ရင်ဆိုင်ပစ် လိုက်စမ်းကွာ

အဲဒီလို ငါက ခိုင်းလိုက်တယ်။ ငါ့စိတ်ကူးက ဒီလိုကွ-

အသက်အရွယ်အလျောက် ရင့်ကျက်မှုဟာ အနည်းနဲ့ အများတော့ ကွာလာတတ်တာပဲ။ ဆိုကြပါစို့ကွာ၊ ခုနစ်တန်းဆိုရင် ကျောင်းသားလေးတွေဟာ များသောအားဖြင့် ၁၂ နှစ်လောက်ရှိတတ်ကြပါတယ်။ ခုနစ်တန်း သချာင်္ဟာ သူတို့အဖို့ အတန်အသင့်တော့ ခက်နေသေးတာပဲ။ ဒါပေးမဲ့ ကိုးတန်း လောက်ရောက်လာလို့ ဆယ့်လေးငါးနှစ်သား အရွယ်မှာ ခုနစ်တန်းသချာင်္ဟာ ဘာမှမခက်လှပြန်တော့ဘူး။ သူကိုယ်တိုင် ခုနစ်တန်းတုန်းက ခက်လှပါချည်ရဲ့လို့ အောက်မေ့ခဲ့မိတဲ့ ပုစ္ဆာတွေဟာ ဘာမှမဟုတ်တာကို ပြန်ပြီး တွေ့နေရတတ်တယ်။ အဲဒီကနေပြီး ပြန်စလိုက်တော့ တောက်လျှောက် သဘောပေါက်သွားနိုင်တာပေါ့။

ဒါကြောင့် ငါက သူ့ကို အဲ့ဒီလို အကြံဥာဏ်ပေးလိုက်တာပါပဲ။ သူလည်း ဆရာကြီးဦးအောင်လှကို အားကျပြီး တွယ်လိုက်တာ သချာင်္ကိုအတော်လေး သဘောပေါက်သွားတယ်။ ဆယ်တန်းမှာ ဂုဏ်ထူးတော့ မထွက်လိုက်ပါဘူး။ ဒါပေးမဲ့ ဂုဏ်ထူးနားကပ်သွားတဲ့ အမှတ်ကိုတော့ ရလိုက်ပါသေးတယ်။

အရေးကြီးတာက အခက်အခဲကို ကြုံလာလိုက်ရင် ထွက်မပြေးဘဲ ရင်ဆိုင်ပစ်လိုက်ဝံ့တဲ့သတ္တိ ရှိနေကြဖို့ပါပဲ။ နောက်ပြီး စစ်ပညာမှာ သုံးလေ့ရှိတဲ့ ရန်သူရဲ့ အမာကိုရှောင်၊ အပျော့ကိုတိုက် ဆိုတဲ့ ဆောင်ပုဒ်လိုပဲ ခက်တာကို ကြုံနေရင် လွယ်တဲ့အပိုင်းကို ရှာပြီး အဲဒီဘက်ကစပြီး ထိုးဖောက်ကြရတယ် မဟုတ်လား။ ဒီသဘောဟာ သင်္ချာဘာသာမှ မဟုတ်ဘူး။ တခြားဘာသာတွေမှာလည်း ဒီအတိုင်းပါပဲ။ အင်္ဂလိပ်မှာ ညံ့လွန်းလို့ ဒုက္ခရောက်နေတဲ့ မိန်းကလေးတစ်ယောက်ကိုလည်း ဒီနည်းမျိုးကိုပဲ အကြံဥာဏ် ပေးခဲ့ဖူးပါတယ်။

အင်္ဂလိပ်စာကျတော့ သင်္ချာနဲ့ သဘောချင်း သိပ်မတူလှဘူး။ သူက ဘာသာစကားသင်ယူမှုဆိုတော့ ထိုးထွင်းဥာဏ်ထက် မှတ်ဥာဏ်ကို ပိုပြီး သုံးရတယ်။ စကားအသုံးအနှုန်း သဒ္ဒါအထားအသိုဆိုတာမျိုးတွေကို ခိုင်ခိုင်မာမာ မှတ်မိနေအောင်လုပ်ရတာ။ အဲဒါနဲ့-

“နင်… ဒီလောက်တောင် အင်္ဂလိပ်စာကို ကြောက်နေရင် ဒီနှစ်နွေ ကျောင်းပိတ်ရက်မှာ အင်္ဂလိပ်စာကိုချည်း ဖိပြီးလုပ်လိုက်စမ်း၊ ဘယ်ကျူရှင် ဘယ်ဆရာဆီကိုမှ သွားမနေနဲ့။ နင်အခု ကိုးတန်းတက်ရမှာ မဟုတ်လား။ ဒီတော့ နင် သင်ခဲ့ရတဲ့ ခုနှစ်တန်းဖတ်စာထဲက နောက်ဆုံးသင်ခန်းစာ လေးပုဒ်ကို အသေကျက်ပစ်လိုက်စမ်း၊ စမ်းတ၀ါးဝါး စဉ်းစားပြီး ဆိုနေရတာမျိုး မကျက်နဲ့။ အလီပေါင်းရွတ်နိုင်သလို၊ ဘုရားရှိခိုး သြကာသရွတ်နိုင်သလို ဒိုးဒိုးဒေါက်ဒေါက် ဆိုနိုင်အောင် ကျက်ပစ်လိုက်စမ်း။ အဲဒီခုနှစ်တန်းစာကို ရပြီးရင် နင် သင်ခဲ့ရတဲ့ ရှစ်တန်းဖတ်စာထဲက နောက်ဆုံးသင်ခန်းစာ လေးပုဒ်ကို အဲဒီလို နှုတ်တက်ရွရွ အသေပိုင်အောင် ကျက်ပစ်လိုက်စမ်း၊ နောက်ပြီး အဲဒီထဲက စကားလုံးတွေ၊ စာလုံးပေါင်းတွေကိုလည်း သေချာအဓိပ္ပါယ်ပါ မှတ်မိနေအောင် လုပ်စမ်း”
အဲဒီမိန်းကလေးကလည်း တကယ်ကို ယုံယုံကြည်ကြည်လုပ်ပါတယ်။ ပထမတော့ သူလည်း သူ့ဘာသာသူ တိုးတက်လာတာကို သိပ်မသိဘူးပေါ့။ နောက်တော့မှ ကိုယ်ပိုင်စာစီစာကုံးကလေးတွေကို ရေးလိုက်တဲ့အခါမှာ ပိုပြီး လွယ်လာတာကို သတိပြုမိလိုက်တယ်။ နောက်တော့ အားတက်လာပြီး ကြိုးစားပမ်းစား ကျက်မှတ်လိုက်တာ အတော်ကြီး တိုးတက်သွားပါတယ်။
သူ့ဘာသာသူ မသိလိုက်တဲ့ တိုးတက်မှုတစ်ခု ရှိသေးတာကို သူသိအောင် ပြောလိုက်မိပါသေးတယ်။ အဲဒါက နောက်ပိုင်း သူ အင်္ဂလိပ်စာ ဖတ်တဲ့အခါမှာ စကားအသုံးအနှုန်း အထားအသိုတွေကို ဖတ်နေရင်း အမှတ်မထင် သတိထားမိသွားတဲ့ အကျင့်ကလေးတွေကို ထူထောင်မိလျက်သား ဖြစ်သွားတာပါပဲ။
အခုတော့ တက္ကသိုလ်ရောက်နေပါပြီ။ သူ့မှာ အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ ဘာမှ အခက်အခဲ မကြုံတော့ပါဘူး။

နည်းပင် ကောင်းသော်လည်း
အဲဒီနည်းလမ်းကို ကျောင်းသားတော်တော်များများကို ညွှန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သိပ်ပြီး မအောင်မြင်လှဘူး။ ပေါက်မြောက်သွားတဲ့ ကျောင်းသားဦးရေက နည်းတယ်လို့ ပြောနိုင်ပါတယ်။ နည်းလမ်းက မကောင်းလို့ မဟုတ်ပါဘူး။ တကယ် ယုံယုံကြည်ကြည် လုပ်တဲ့သူက နည်းလို့ပါပဲ။
သူတို့က ခုနှစ်တန်းသင်္ချာကို ပြန်ပြီးတွက်ရမှာ ၀န်လေးနေတတ်ကြတယ်။ ခုနှစ်တန်းအင်္ဂလိပ်စာကို အလွတ်ပြန်ပြီး ကျက်ရမှာ အဓိပ္ပါယ်သိပ်မရှိဘူးလို့ ထင်နေကြတယ်။ သေသေချာချာ ပြောပြထားလို့ တကယ်ကောင်းတဲ့နည်းပါပဲ ဆိုတာကို သိပေမဲ့ စိတ်ရှည်ဇွဲကောင်းစွာနဲ့ ပြီးမြောက်အောင် မလုပ်ချင်ကြဘူး။
အဲဒီမှာ တစ်ခု ထင်ရှားလာတာက လောကကြီးမှာ ဘ၀သတ္တိ ရှိတဲ့လူ အတော်လေးနည်းပါးတယ်ဆိုတာ ထင်ရှားလာပါတယ်။

မိန်းကလေးတွေကို လျှော့မတွက်နဲ့
မိန်းကလေးတွေကို အားနွဲ့သူ ဘာညာနဲ့ အောက်မေ့တတ်ကြတယ်။ ခွန်အားသာ နွဲ့ချင်နွဲ့မယ်၊ သတ္တိတော့ မနွဲ့ကြတာ အမှန်ပဲ။ ရှေ့ပိုင်းမှာလည်း မိန်းမတွေရဲ့ သတ္တိကို ရေးသင့်သလောက် ရေးခဲ့ပြီးပြီ။
ဒီနေရာမှာတော့ မင်းတို့ စာသင်ခန်းက မိန်းကလေးတွေအကြောင်းကို နည်းနည်းလောက် ညွှန်လိုက်ချင်ပါသေးတယ်။ မင်းတို့အတန်းထဲမှာ စာမေးပွဲမှာ ပထမ၊ ဒုတိယ စသည်ဖြင့် အဆင့်ကောင်း ချိန်နေသူတွေဟာ ယောက်ျားလေးတွေ ချည်းပဲ ဖြစ်နေသလား၊ မိန်းကလေးတွေလည်း မကြာခဏ ဗိုလ်စွဲနေတာပဲ မဟုတ်လား။
နောက်ပြီး ဆယ်တန်းစာမေးပွဲကို ကြည့်လိုက်ဦးမလား။ တစ်ပြည်လုံးက အောင်စာရင်း ထိပ်ပိုင်းက ငါးယောက်မှာ သုံးယောက်လောက်က မိန်းကလေးတွေ ဖြစ်နေတတ်တာပဲ မဟုတ်လား။ အခု ဒီစာကို ရေးနေတဲ့ (၁၉၉၀)ခု ဆယ်တန်းစာမေးပွဲအောင်စာရင်းမှာ တစ်ပြည်လုံး ပထမရတာကိုက မိန်းကလေး တစ်ယောက်ဖြစ်နေတာကို တွေ့ရတယ်။ ဒီတော့ မိန်းကလေးတွေဟာလည်း ဘ၀သတ္တိ ကောင်းကြတဲ့ နေရာမှာ ယောက်ျားလေးတွေထက် မညံ့ဘူးဆိုတာ ထင်ရှားမနေပေဘူးလား။

မိန်းမလျာဆိုသူတွေကကော
မိန်းကလေးတွေရဲ့ ဘ၀သတ္တိအကြောင်းကိုသာ မကဘူး၊ မိန်းမလျာတွေရဲ့ ဘ၀သတ္တိအကြောင်းကိုလည်း ပြောလိုက်ချင်သေးတယ်။ သူတို့တစ်တွေဟာ ဘ၀ကုသိုလ်ကြောင့် ပတ်ဝန်းကျင်လူအချို့ရဲ့ မထီမဲ့မြင်ပြုခြင်းခံရတဲ့ အခြေအနေကို ရောက်နေကြတာမှန်သော်လည်း ဘ၀သတ္တိမှာတော့ ပေါ့သေးသေး သဘောထားလို့ မရနိုင်ပါဘူး။ လူအများ မထီမဲ့မြင် ပြုပြင်ခံနေကြရတဲ့ ကြားထဲကကို ဘ၀ကို လှလှပပကြီး ရပ်တည်သွားနိုင်အောင် ၀ံ့ဝံ့စားစား ရင်ဆိုင်သွားကြတာကို မင်းတို့ ငါတို့ မျက်မြင်ပဲ မဟုတ်လား။
အလှပြင်တာတို့ မင်္ဂလာဆောင်အခမ်းအနား ပန်းအလှပြင်တာတို့၊ အလှူအတန်း ချက်ရေးပြုတ်ရေး စသည်တို့မှာ အလှူရှင်က တစ်ချက်မှ ပြန်လှည့်စရာ မလိုလောက်အောင် ပြည့်ပြည့်စုံစုံ တာဝန်ယူသွားနိုင်တာတို့ စတဲ့ အရည်အသွေးက ကြည့်လိုက်ရင် သူတို့ရဲ့သတ္တိဟာ တကယ်ကို လေးစားလောက်တယ်ဆိုတာ ထင်ရှားမလာပေဘူးလား။
ထို့ပြင် များသောအားဖြင့် သူတို့တစ်တွေဟာ မိဘကို လုပ်ကျွေးပြုစုဖို့ ၀တ္တရားမပျက်ကွက်ကြဘူး။ သားယောက်ျားရင့်မာကြီးတွေထက်တောင်မှ တာဝန်ကျေနိုင်ကြတာကို တွေ့ရတတ်တယ်။ တချို့ဆိုရင် ငွေကြေးဓန အခြေအနေ နိမ့်ပါးကြတယ်။ အဲဒီကြားထဲက ဈေးတောင်းခေါင်းရွက် စသည်အားဖြင့် ကြုံရာကျပန်းအလုပ်ကလေးတွေကို နေပူစပ် ခါးမရှောင် ပြေးလွှားရုန်းကန်ပြီး လုပ်ကျွေးကြတာကို တွေ့လိုက်ရတော့ ငါဖြင့် သူတို့သတ္တိကို မလေးစားပဲ မနေနိုင်တော့တာ အမှန်ပါပဲ။
မိန်းမလျာတွေ အခြောက်တွေပဲရယ်လို့ ရယ်သွမ်းသွေးကြသူတွေထဲမှာ မင်းလည်း ပါကောင်းပါနေလေမလား မသိဘူး။ ဒါပေမဲ့ ငါပြောခဲ့တဲ့ ရှုထောင့်ကနေပြီး တွက်လိုက်မယ်ဆိုရင် မင်းဟာ သူတို့လောက် ဘ၀သတ္တိကောင်း ပါသလားဆိုတာ ပြန်ပြီး သုံးသပ်ကြည့်စေချင်ပါတယ်။ သူတို့လို မဟုတ်ဘဲ ကြံ့ခိုင်မာကျောတဲ့ ယောက်ျားကောင်းကြီးတစ်ယောက် ဖြစ်နေရုံနဲ့ ဂုဏ်ယူစရာ မဟုတ်သေးဘူးဆိုတာကိုလည်း အထူးသတိပြုစေချင်ပါတယ်။
သူတို့ဟာ မိန်းမလျာ ဖြစ်နေတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်က သူတို့ကို လူရာမသွင်းချင်သလို အခြေအနေမျိုးကို စတင်ပြီး ရင်ဆိုင်ကြရတာ။ တစ်နည်းအားဖြင့် အနုတ်လက္ခဏာနဲ့ ဘ၀ကို စတင်ရင်ဆိုင်ကြရတယ် ဆိုကြပါစို့ကွာ။ ဒီတော့ သူတို့စွမ်းရည်ကို ပတ်ဝန်းကျင်က အသိအမှတ် မပြုဘဲကို မနေနိုင်အောင် မင်းတို့ ငါတို့ထက် နှစ်ဆလောက်ပိုပြီး ကြိုးပမ်းကြရတယ်။ အပင်ပန်းခံကြရတယ်။
ဥပမာ …. မုန့်ဟင်းခါးချက်ရောင်းပြီဆိုရင် သူများထက် ပိုကောင်းအောင် ချက်ကြရတယ်။ မုန့်ကို သာသာထိုးထိုးလေး ပြင်ပေးကြရတယ်။ စားသုံးသူ စိတ်ကျေနပ်လောက်အောင် အပြောအဆို ဆက်ဆံရေးကစပြီး ဂရုစိုက်ကြရတယ်။
အလှပြင်ဆိုင် ဖွင့်လိုက်ပြီဆိုရင်လည်း ပစ္စည်းမျိုးစုံ သုံးနိုင်အောင်၊ ထည်ဝါအောင်၊ ကမ္ဘာ့အလှပြုပြင်မှုလုပ်ငန်းတွေကို မျက်ခြည်မပြတ် အမြဲခေတ်မီနေအောင်၊ တတ်နိုင်ရင် ခေတ်ရှေ့ပြေးနေအောင် ကြိုးစားကြရတယ်။
အဲဒီအပြင် ငါ သတိပြုမိတာက သူတို့ဟာ လုံ့လ၀ီရိယ အလွန်ကို ကောင်းကြတယ်။ မင်းတို့ ငါတို့ထက် ပိုတယ်။
ကဲ … စဉ်းစားကြည့်ကြပေါ့။ သူတို့တစ်တွေရဲ့ ဘ၀သတ္တိဟာ မင်းတို့ ငါတို့ထက် မလျော့ဘူးဆိုတာ ထင်ရှားမနေပေဘူးလား။ မင်းဟာ ယောကျာ်းလေး သို့မဟုတ် မိန်းကလေး ပီပီသသ ဖြစ်နေမယ်ဆိုရင် ပတ်ဝန်းကျင်က မင်းကို မထီမဲ့မြင် မပြုကြဘဲ ကြည်ကြည်သာသာ လက်ခံထားပြီး ဖြစ်နေတယ် မဟုတ်လား။ ဒီတော့ သူတို့လို အနုတ်လက္ခဏာနဲ့ စနေဖို့ မလိုပါဘူး။ အနုတ်လက္ခဏာနဲ့ စကြရတဲ့ သူတွေတောင်မှ လူတစ်လုံး သူတစ်လုံး လှလှပပ ရပ်တည်နိုင်သေးရင် မင်းတို့က ပိုပြီးအားတက်ဖို့ မကောင်းပေဘူးလား။

လူပျော့ကလေးတွေရဲ့ သတ္တိ
မင်းတို့စာသင်ခန်း အတန်းတွေမှာ မိန်းမလျာ မဟုတ်သော်လည်း ခပ်ပျော့ပျော့ နွဲ့တဲ့တဲ့ ကောင်လေးတွေကို တွေ့ကြရတတ်ပါတယ်။ လူပုံကလည်း ခပ်ပျော့ပျော့နဲ့ ရန်ဖြစ်ဖို့ ဘာဖို့ကိစ္စမျိုး ကြုံလာလိုက်ရင် အလျှော့ပေးသွား တတ်ကြတာမို့ သတ္တိနည်းသူတွေဖြစ်ကြောင်း အလွန်သိသာနေတတ်ပါတယ်။
ဒါပေမဲ့ လူပျော့ကလေးတချို့ဟာ အဲဒီလို ရန်ဖြစ်ဝံ့တဲ့ ကာယသတ္တိမျိုးမှာ နည်းပါးသော်လည်း စိတ်ဓါတ်သတ္တိမှာ အလွန်ခိုင်မာတတ်တာကို တွေ့ရတတ်ပါတယ်။ ပညာကိုတော့ တကယ်ကို ကြိုးစားကြပါတယ်။ စာမေးပွဲ အောင်ချင်လို့ဆိုတာမျိုးကို မဟုတ်တော့ဘူး။ သင်ခန်းစာ အခက်အခဲနဲ့ ကြုံလာရင် လုံးဝ အလျှော့မပေးဘဲ ဇွဲကောင်းကောင်းနဲ့ ရင်ဆိုင်ပစ်တတ်တဲ့ စိတ်ဓါတ်သတ္တိမျိုး သူတို့မှာ ရှိနေတတ်ကြပါတယ်။ အဲဒါမျိုးကို တွေ့လိုက်ရင် သတိထားပြီး မှတ်ထားကြည့်လိုက်ပါ။ လေးငါးဆယ်နှစ်လောက် စောင့်ကြည့်လိုက်စမ်းပါ။
သူတို့က ရန်မဖြစ်ဝံ့ကြသော်လည်း ဘ၀သတ္တိကောင်းကြသူများဖြစ်လို့ ဆယ်နှစ်လောက်ရှိတဲ့အခါမှာ ဘ၀အဆင့် အတော်လေး မြင့်သွားတတ်ကြပါတယ်။ လူမှုပတ်ဝန်းကျင်မှာ ရာထူးဂုဏ်ရှိန်အရဖြစ်စေ၊ ငွေကြေးသြဇာအရဖြစ်စေ၊ ပညာဂုဏ်ရည်အရဖြစ်စေ အဆင့်အတန်း မြင့်လာတဲ့အတွက်ကြောင့် ကျောင်းသားဘ၀မှာတုန်းက သူ့ကို မထီမဲ့မြင် အနိုင်ကျင့်ခဲ့ဖူးတဲ့သူတွေကတောင် တရိုတသေ ကျိုးနွံစွာ ဆက်ဆံနေကြတာကို တွေ့ရပါလိမ့်မယ်။ အဲဒါ ငါကိုယ်တိုင် သတိထားခဲ့မိတဲ့ တွေ့ရှိချက်တွေပါပဲ။
ဒီတော့ ဘ၀လမ်းတစ်လျှောက်လုံးအတွက်ကို ကြည့်လိုက်မယ်ဆိုရင် ကာယသတ္တိထက် စိတ်ဓါတ်သတ္တိဟာ ပိုပြီးတန်ဖိုးရှိတယ်ဆိုတာ ပေါ်မလာပေဘူးလား။ ဒါကြောင့် စိတ်ဓါတ်သတ္တိ၊ စာရိတ္တသတ္တိကို စာသင်ခန်းထဲကနေ စပြီး လေ့ကျင့်ထူထောင်ကြပါလို့ ခဏခဏ တိုက်တွန်းမိတာပါ။

နိဂုံးစကား
ငါပြောခဲ့သမျှတွေကို ပြန်ပြီး အကျဉ်းချုပ်လိုက်ရင်-
(၁)     မိဘထက် တစ်ဆင့်မြင့်တဲ့ဘ၀ကို ထူထောင်နိုင်စေရမယ်လို့ခိုင်ခိုင်မာမာ အဓိဋ္ဌာန်ပြုလိုက်ပါ။ ဆုမတောင်းပါနဲ့၊ ဆုပန်ပါ။
(၂)     ကိုယ့်ဘ၀ကို ဆွဲနှစ်နေတဲ့ အပေါင်းအသင်း ပတ်ဝန်းကျင်ကို စွန့်ခွာပစ်လိုက်ပါ။ ကောင်းတဲ့ ပတ်ဝန်းကျင်ကို သေချာရှာပြီး အစားထိုးနိုင်အောင် ကြိုးစားပါ။
(၃)     အဲဒါတွေအားလုံးကို လုပ်ဆောင်အောင်မြင်နိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံစွမ်းအင်ကတော့သတ္တိ ပါပဲ။
အဓိဋ္ဌာန်ပြုဝံ့ဖို့၊ ဆုပန်ဖို့ကလည်း သတ္တိပါပဲ။
မကောင်းတဲ့ ပတ်ဝန်းကျင်ကို စွန့်နိုင်ဖို့ကလည်း သတ္တိပါပဲ။
မကောင်းတဲ့ ပတ်ဝန်းကျင်မှာ တွေ့ရတတ်တဲ့ မိုက်မှားသော ကာမဂုဏ်အာရုံတွေကို ဖြတ်တောက်စွန့်ခွာနိုင်ဖို့ကလည်း သတ္တိပါပဲ။
သတ္တိမရှိတဲ့လူဟာ ဘာမှ မလုပ်ဝံ့ဘူး။ ဘာမှ မလုပ်ဝံ့ရင် ဘာမှ မဖြစ်နိုင်တော့ဘူး။
လောကကြီးမှာ ပေါ်ပေါက်လာသမျှသော ကောင်းမြတ်တဲ့ အရာဟူသမျှဟာ ကာယသတ္တိ၊ စာရိတ္တသတ္တိနှစ်မျိုးလုံး ပြည့်စုံတဲ့သူများက ဖန်တီးခဲ့တာတွေ ဖြစ်တယ်။
ဒါကြောင့် လောကကြီးတစ်ခုလုံးကလည်း သတ္တိကောင်းတဲ့ သူတွေကိုသာလျှင် အထင်ကြီးတယ်၊ သတ္တိကောင်းသူတွေကိုသာလျှင် သြဘာပေးလေ့ရှိတယ်။
ရုပ်ရှင်တို့ ဘာတို့မှာတောင် ကာယသတ္တိ၊ စိတ်ဓါတ်သတ္တိ ကောင်းတဲ့ ဇာတ်လိုက်ကိုသာလျှင် ပရိသတ်က သြဘာပေးတတ်ကြတာကို မမေ့ပါနဲ့။
ဒီလောကကြီးမှာ သတ္တိရှိတဲ့သူတွေသာလျှင် နေရာကောင်း ရှိပါတယ်။ သတ္တိရှိရင် ရှေ့တက်ပါ။ သတ္တိမရှိရင် နောက်ဆုတ်ပါ။ နေရာ ဖယ်ပေးလိုက်ပါ။
သစ်သားထဲကို သံချွန်ရိုက်သွင်းလိုက်တော့ ၀င်သွားတာဟာ သစ်သားကပျော့လို့ မာတဲ့သံချွန်အတွက် နေရာဖယ်ပေးလိုက်ရတာ ဖြစ်ကြောင်းကို သတိပြုပါ။ မင်းဟာ မာသလား၊ ပျော့သလား၊ မာရင် နေရာယူပါ။ ပျော့ရင် ဖယ်ပေးလိုက်ပါ။
ကာယသတ္တိကိုရော၊ စိတ်ဓါတ်သတ္တိကိုပါ ယဉ်ပါးအောင် လေ့ကျင့်မွေးမြူလို့ ရနိုင်တယ်ဆိုတာကို ယုံပါ။
ဒီတော့ မင်းရဲ့ဘ၀အောင်မြင်မှု၊ စာမေးပွဲအောင်မြင်မှု စတဲ့ ကိစ္စတွေအတွက် ပင်ပန်းမှာ၊ ဆင်းရဲမှာ၊ အပျော်အပါးစွန့်လွှတ်ရမှာကို လှမ်းတွေးပြီး ယဉ်ပါးနေအောင် စိတ်ကို လေ့ကျင့်ထားလို့ ရနိုင်တယ်ဆိုတာ ယုံပါ။
စိတ်ဓါတ်သတ္တိဟာ ဘ၀တိုးတက်မှုအတွက် ပိုမိုကြီးမားတဲ့ ခွန်းအားကို ပေးနိုင်တာမို့ စိတ်ဓါတ်သတ္တိကို ပိုပြီးမြတ်နိုးတန်ဖိုးထားပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ဆုထူးဆုမြတ်ကို ပန်ဆင်သော ယောကျာ်းကောင်း မိန်းမမြတ်များ ဖြစ်ကြပါစေကုန်သတည်း။
မျိုးဆက်သစ်ကို အတိုင်းမသိ တန်ဖိုးထား မျှော်လင့်နေသော …

အောင်သင်း
မြန်မာသက္ကရာဇ် ၁၃၅၄ နှစ်ဆန်း ၁ ရက်
ကြာသပတေးနေ့
၁၆-၄-၉၂

From: MM Daily Mail