Sunday, July 15, 2012

မှတ်သားစရာ သြ၀ါဒ

  • ဟုတ်မှန်ပေသိ၊ ကျိုးမရှိငှား၊ သူမကြားလို စကားကို ပြောဆိုမပြုရ။
  • မမှန်ပေသိ၊ အကျိုးရှိ၊ သူတည်းကြားလို၊ စကားကို ပြောဆိုမပြုရ။
  • မမှန်လွဲမှား၊ ကျိုးမဲ့ငြားလည်း၊ သူများနာလို စကားကို ပြောဆိုမပြုရ။
  • အမှန်မဲ့ငြား၊ ကျိုးမများ ၊ သူကားမလို စကားကို ပြောဆိုမပြုရ။
  • ဟုတ်တိုင်းမှန်ရာ၊ ကျိုးရှိပါလည်း၊ သူနာလိုငြား၊ ထိုစကား ပြောကြားအပ်သည်သာ။
  • ဟုတ်မှန်ပေငြား၊ အကျိုးများလို၊ သူကားမလို စကားကို ပြောဆိုအပ်သည်သာ။
  • ဟုတ်မှန်ကျိုးရ ပြောဆိုရလည်း ကာလဒေသ နှိုင်းချိန်မှ သုသာသိတ မင်္ဂလာ။ ။

သေချင်းဆိုးမလေး

ကြည့်ကြ!!! ဟောဒါ. . .
ငါ့ရဲ့ ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။
ဘ၀ကို ...
ပေါ့ပေါ့ပါးပါး ခံယူလိုက်ပုံများ ...
မြင်လား!!! “သူမ” တစ်ကိုယ်လုံးတောင်မှ
ပါးပြီး ပေါ့နေတဲ့ပုံ။

(အဲဒီ သေချင်းဆိုးမလေးက)
“မျှော်လင့်ချက်”ဆိုတာကိုလည်း အယုံအကြည် မရှိပေဘူး။
နောက်ပြီး... သူမက
“အရူး”နဲ့ “နတ်ဘုရား”တွေကိုလည်း
အတူတူလို့ သဘောထားတတ်သေး...။

အဲဒီ သေချင်းဆိုးမလေးပေါ့!!!
ဘ၀ဟာ...
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ ယူဆ၊

(အဲဒီ သူမက)
လမ်းမှာ ခဏခဏ ပြုံးပြနေတတ်သူတွေကိုလည်း
“အာရုံကြောရောဂါ ရနေတယ်”လို့ လှောင်တတ်သူ ...
အဲဒီ သေချင်းဆိုးမလေးပေါ့!!!
လောကကြီးရဲ့ အယုယခံဘို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တတ်၊
ကြယ်သရဖူတွေ
ခြေမနဲ့ ညှပ်ပြီး ကောက်ဆောင်းဘို့ကို
ပျင်းရိတတ်သူ...။

အဲဒီ သေချင်းဆိုးမလေးပေါ့!!!
ဈေးပေါပေါ ဆက်ဆံမှုတွေကို ရွံရှာ
“မင်္ဂလာ နံနက်ပါ”လို့ နှုတ်ဆက်ခံရတာကို မုန်း၊
ကိုယ့်မျက်လုံး ကိုယ်တံခါးပိတ်ပြီး
နေမြင့်တဲ့အထိ အိပ်တတ်သူ...။

အဲဒီ သေချင်းဆိုးမလေးပေါ့!!!
တစ်နေ့ တစ်နေ့... ၂၄ နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားနေရတာကို
အလုပ်ရှုပ်တယ်လို့ ထင်တဲ့သူ...။

အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
သူမရဲ့ အင်္ကျီလက်ရှည်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အ၀တ်ပတ်သလို
ဖိုသီဖတ်သီ နေထိုင်
(သူမ ကိုယ်တိုင်က...)
“ဘ၀”ကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်ဆင်ရာမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ။

သူမရဲ့ ဘ၀မှာ...
အချစ်ဆိုတာ ဘယ်ရှိနိုင်မလဲ !!!
မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကို ရှောင်...ရှောင်ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့ မိန်းမ...။
မျက်နှာပေါ် ဆံပင်တွေ ၀ဲကျ
အဲဒီ ဖရိုဖရဲလေးပေါ့...။
(သူမက ခေါင်းဖီးရတာကို အလုပ်ပိုလို့ထင်တယ်)
“ကမ္ဘာမြေဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာ ရှိသလဲ” လို့လည်း မေးရဲ့။

အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
“နစ်ရှေး”ရဲ့ အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီစက္ကူနဲ့ သုတ်ပြီး ထိုင်တဲ့သူ...။
“ကျွန်မက...
ဘယ်သူ့ကို လက်ဆွဲနှုတ်ဆက်ရမှာလဲ
ဒါမှမဟုတ်.. ဘယ်သူ့ကို အမြီးနှံ့ပြရမှာလဲ..”

ကဲ!!!
အဲဒီသေချင်းဆိုးမလေးပေါ့
သူမက စိတ်အလိုမကျရင်လည်း
“ဆဲ”တတ်သေးတယ်...။

အဲဒီ သေချင်းဆိုးမလေးပေါ့...။
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
...ပိုလေးတယ်လို့ ယူဆ။
တစ်စုံတစ်ယောက်ကို သတိရဘို့
ဘယ်တုန်းကမှ မတက်ကြွခဲ့သူ

အဲဒီ သေချင်းဆိုးမလေးပေါ့...
“သိမ်းဆည်းစရာတွေ များလွန်းနေတဲ့ဘ၀မှာ...
ကျွန်မက... ကိုယ့်ကိုကိုယ်တောင်
သိမ်းမထားချင်တဲ့...ကောင်”လို့ ပြောခဲ့။

တကယ့်သေချင်းဆိုးမလေးပေါ့...
ဟောဒီမှာ ... မလှုပ်မယှက်ခေါက်ခွေ
အဲသည်လို နေရုံသက်သက်ကလေး နေ နေလိုက်ပုံက
ဘ၀ကို အ၀တ်ရုပ်တစ်ရုပ်လို ယူဆ
တစ်စုံတစ်ဦးက သူမကို ပစ်ချခဲ့တဲ့အတိုင်းပါပဲ...။
သူမက လောကကြီးကို ခါးပြီး
အဲဒီ ခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ်...။

နားလည်ပေးလိုက်ပါ... လောကကြီးရေ။
“ဘာများ အရေးကြီးလို့လဲ”ဆိုတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကို ရိသဲ့သဲ့ ပြုံးပြနေတဲ့ မိန်းမ...
သူမကတော့ မတောင်းပန်တတ်တာ သေချာတယ်။

နားသာလည်ပေးလိုက်ပါ .. လောကကြီးရေ
ဒါမှမဟုတ်.. သူမကို ခွင့်လွှတ်ပါ..။
လောကကြီးရေ...
ဒါမှမဟုတ် ... သူမကို ဦးညွှတ်ဂုဏ်ပြုပါ...
ဒါမှမဟုတ် ... သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ...

ဒါမှမဟုတ် ...
လောကကြီးရေ... အဲဒီ သေချင်းဆိုးမကို
ပစ်သာချထားလိုက်ပါ။

“သူမ”ပေါ့...
...........
နတ်ဆိုးတစ်ပါးလည်း ဖြစ်၊
ကောင်းကင်တမန်လည်းဖြစ်၊
(အဲဒီ သေချင်းဆိုးမလေးကိုမှ)
ငါက...
လည်ပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိခဲ့တာပေါ့ကွယ်...။

မင်းခိုက်စိုးစံ

Saturday, July 14, 2012

သူငယ်ချင်းရေ



ခါတိုင်းလိုပဲဒီနေ့လည်း၃၉အထူးစီးပြီးအလုပ်ကိုထွက်ခွာခဲ့တယ်။မနက်၅နာရီလောက်အိပ်ယာထခဲ့ရလို့မျက်လုံးမှတ်ပြီးမှေးလိုက်ခဲ့တယ် နေရာလည်းရတော့အဆင်ပြေတာပေါ့။ အဲ သိပ်မကြာပါဘူး စိုးရိမ်တကြီးရေရွတ်သံကိုကြားတော့ မျက်လုံးဖွင့်ကြည့်မိတယ်။အသံက သိပ်မကျယ်ပါဘူး ဒါပေမယ့် ကိုယ်နဲ့ကပ်လျက်ရှေ့ခုံကလာတဲ့အသံဆိုတော့သေချာကြားလိုက်တယ်။အဒေါ်ကြီးတယောက်ရဲ့အသံ………
…အော် သူမရဲ့ရှေ့ခုံပြတင်းပေါက်အစွန်ကလူရဲ့ခေါင်းကြီးတခုလုံးအပြင်ထွက်နေတာပဲ
ထွက်နေတာမှ..မပြောကောင်းမဆိုကောင်း နောက်ကားပေါ်ကနေ သူခေါင်းကြီးကို ဖြုတ်ယူသွားလို့တောင်ရတယ် ကဲ အဲဒီလောက်ထိကို တခေါင်းလုံးကားအပြင်ကိုထွက်နေတာ..အဒေါ်ကြီးစိုးရိမ်မယ်ဆိုလည်းစိုးရိမ်စရာပဲ   ကျွန်မတောင်အိပ်ငိုက်ပြေသွားတယ်။ တလက်စတည်း စိတ်လည်းပူ ၊ဒေါသလည်းထွက်မိပါတယ်။ ကျန်တဲ့ခရီးသည်တွေကတော့သတိထားမိပုံမရဘူး ။သူတို့လည်း ကိုယ့်အတွေးနဲ့ကိုယ်ပေါ့။နောက်တော့အဒေါ်ကြီးရဲ့သောကကို ယဉ်နောက်လိုက်ကောင်လေးက ဝေမျှခံစားပြီး(သူလည်းတာဝန်ရှိတယ်လို့ထင်ပါရဲ့)ခေါင်းပိုင်ရှင်ကိုလက်တို့ပြီးသတိပေးလိုက်တယ်။အံမယ် ဒါတောင်သူကမမှုဘူး။ခဏပဲပြန်ဝင်တယ် ထွက်မြဲထွက်လျက်ပါပဲရှင်(ခေါင်းပြောပါတယ်) လတ်စသတ်တော့ ကိုယ်တော်ကအရက်မူးပြီးအိပ်ပျော်နေတာပဲ။ယဉ်နောက်လိုက်လည်း သူ့အလုပ်နဲ့သူဆိုတော့ ဆက်ပြီးမပြောနိုင်တော့ပါဘူး။အဲဒီအချိန်မှာပဲ အသက်၂၀ကျော်ကောင်လေးတယောက်က ခေါင်းပိုင်ရှင်ဘေးဝင်ထိုင်လိုက်တယ်။ကျွန်မလည်း အဲဒီကောင်လေးဘာလုပ်မလဲဆိုပြီး စိတ်ဝင်တစားကြည့်နေလိုက်တယ်။အဲ ကိုယ်တော်ချောလေးက ခေါင်းပိုင်ရှင်ကိုမနှိုးတော့ဘဲ ပြတင်းပေါက်တံခါးကိုဆွဲပိတ်ပေးလိုက်ပါတယ်။တကယ်ကိုညင်ညင်သာသာနဲ့ပိတ်တာပါ။ခေါင်းပိုင်ရှင်နိုးမှာစိုးလို့ထင်ပါ့။တချက်ခုတ်၃ချက်ပြတ်ပါတယ်။ခေါင်းပိုင်ရှင်လည်းဘေးကင်း၊ယဉ်နောက်လိုက်အပါအ၀င်ကျွန်မတို့လည်းစိတ်ချမ်းသာ.၊ကိုယ်တော်ချောခေါင်းပိုင်ရှင်လည်းအိပ်ရေး၀၀အိပ်နိုင်.. ကဲ ကောင်လေးအကြံမပိုင်ဘူးလား။
အဲဒီနေရာမှာပဲ ကျွန်မအတွေးတခုမက၀င်လာခဲ့တယ်။ကျွန်မတို့စိုးရိမ်တယ်ဆိုပြီးဘာမှမလုပ်ပေးနိုင်ဘူး။ကူညီဖို့နှောင့်နှေးနေခဲ့တယ်။စောစောစီးစီးအရက်သောက်ပြီးအိပ်ပျော်နေတဲ့ခေါင်းပိုင်ရှင်ကိုလည်းခုနှစ်ရက်သားသမီးကိုပြသာနာရှာရမလားဆိုပြီးပြစ်တင်ဝေဖန်နေခဲ့မိပါတယ်။
စောစောကကောင်လေးကတော့ကျွန်မတို့တွေးသလိုမတွေးဘဲလူတဖက်သားကိုကူညီခဲ့တာပါ။ဒီဖြစ်ရပ်လေးကို သတိတရနဲ့အောင်းမေ့တသဂုဏ်ပြုမဲ့လူလည်းမရှိပါဘူး။ဒါပေမယ့်ဖြစ်ရပ်တခုလုံးစဆုံးမြင်ခဲ့ရသူကျွန်မကတော့ကူညီခဲ့တဲ့ကောင်လေးကိုကြည့်ပြီး အော်မြန်မာလူမျိုးတွေ တကယ်ချစ်စရာကောင်းပါလားလို့တွေးမိရင်း…

Carrots, eggs, and coffee

တစ်ခါတုန်းကပေါ့ ။ ကောင်မလေးတစ်ယောက်က သူ့မိခင်ဆီသွားပြီး သူမဘ၀ အကြောင်း အရာအားလုံးဟာ သူမအတွက်ခက်ခဲပြီး ပြဿနာမျိုးစုံကြုံတွေ့နေရကြောင်းသွားပြောခဲ့တယ် ။ ဘယ်လို ဖြေရှင်းရမှန်းလည်းမသိခဲ့သလို အခုအချိန်မှာ အရာရာကို အရှံပေးချင်နေပြီလို့ ကောင်မလေးက မိခင်ကိုပြောဆိုခဲ့တယ် ။ အခုအချိန်မှာ ကောင်မလေးဟာ တိုက်ခိုက်ရန်မူလိုစိတ်နဲ့ ရုန်းကန်လှုပ်ရှားလိုစိတ်တွေသာ ပြည့်နေဲ့တယ် ။ ပြဿနာ တစ်ခုဖြေရှင်းလို့မပြီးခင်မှာပဲ နောက်ပြဿနာတစ်ခုက သူမကို အသင့်စောင့်ပြီးကြိုနေတတ်တယ် ။

သူမမိခင်က အဲဒီအကြောင်းတွေကြားရတဲ့အခါကောင်မလေးကို မီးဖိုချောင်ထဲခေါ်ဆောင်သွားခဲ့တယ် ။ မိခင်က အိုးသုံးလုံးထဲမှာ ရေထည့်ပြီး မီးပြင်းပြင်းအပေါ်မှာ တင်လိုက်တယ် ။ မကြာခင်မှာ အိုးတွေက ဆူပွက်လာခဲ့တယ် ။ ပထမဆုံးအိုးမှာ မိခင်က မုန်လာဥတွေထည့်လိုက်တယ် ။ ဒုတိယအိုးမှာ ကြက်ဥတွေထည့်လိုက်တယ် ။ နောက်ဆုံးတတိယအိုးမှာတော့ ကော်ဖီစေ့တွေထည့်လိုက်တယ် ။ ပြီးတော့ အိုး၃ အိုးစလုံးဆူပွက်နေတဲ့အထိ သူမမိခင်က ကောင်မလေးကို ဘာစကားမှ မပြောစေပဲ ထိုင်ကြည့်နေစေခဲ့တယ် ။ မိနစ် ၂၀ လောက်ကြာပြီးတဲ့အခါ မီးဖိုတွေကို ပိတ်ပစ်လိုက်တယ် ။ မုန်လာဥတွေကို ဆယ်ယူပြီး ပန်းကုန်လုံးအလွတ်တစ်ခုထဲထည့်တယ် ။ ကြက်ဥတွေကိုလည်း အပြင်ကို ဆယ်ထုတ်လိုက်တယ် ပြီးတော့ ပန်းကန်လုံးအလွတ်ထဲထည့်တယ် ။ ဟင်းခတ်တဲ့ယောက်ချိုဇွန်းနဲ့ ကော်ဖီတွေကို ဆယ်ယူပြီး ပန်းကန်လုံးထဲထည့်လိုက်တယ် ။ ပြီးတော့ မိခင်က သမီးဖြစ်သူကောင်မလေးဖက်လှည့်ပြီးမေးလိုက်တယ် ။ “ သမီးဘာမြင်လဲ မေမေ့ကိုပြော ”

“ မုန်လာဥ ၊ ကြက်ဥ နဲ့ ကော်ဖီ ” လို့ ကောင်မလေးပြန်ဖြေတယ် ။

မိခင်က ကောင်မလေးကို နီးကပ်စွာ ခေါ်ယူလိုက်ပြီး မုန်လာဥတွေကို ကိုင်ကြည့်ဖို့ပြောတယ် ။ ကောင်မလေးက ကိုင်ကြည့်ပြီးပျော့ပျောင်းနေတယ်ဆိုတာ ခံစားမိလိုက်တယ် ။ ပြီးတော့မိခင်က ကောင်မလေးကို ကြက်ဥကို ကိုင်ခိုင်းပြီး ခွာခိုင်းတယ် ။ အခွံကိုခွာပြီးတဲ့အခါ ပြုတ်ထားတဲ့မာကြောသော ကြက်ဥကိုတွေ့လိုက်တယ် ။ နောက်ဆုံးမိခင်က ကော်ဖီကို တစ်ငုံလောက် သောက်ဖို့ပြောခဲ့တယ် ။ ကောင်မလေးကပြုံးပြီးကော်ဖီကို စမ်းသပ်ပြီးသောက်တဲ့အခါမွှေးကြိုင်တဲ့ ရနံ့တွေရှိတယ်ဆိုတာ သတိပြုမိခဲ့တယ် ။ ကောင်မလေးက မိခင်ကိုမေးတယ် ။ “ အဲဒါဘာကိုဆိုလိုတာလဲဟင် အမေ ”

မိခင်က ဒီပစ္စည်းသုံးမျိုးကို လက်ရှိ အရှိတရားပေါ်မူတည်ပြီး ရှင်းပြခဲ့တယ် ။

“ ဒီအရာ ၃ ခုလုံးက ဆူပွက်နေတဲ့ရေမှာ ဓါတ်ပြုခဲ့တာခြင်းအတူတူပါပဲ ။ ဒါပေမယ့် မတူညီသော ဖြစ်စဉ် ဓါတ်ပြုခြင်း (Reaction ) တွေဖြစ်ခဲ့တယ် ။ မုန်လာဥရဲ့ နဂိုဂုဏ်သတ္တိဟာသန်မာတယ် ၊ မာကြောတယ် အလွယ်တကူ မကျိုးနိုင်ဘူး ဒါပေမယ့် ဆူပွက်နေတဲ့ရေနဲ့ ထိတွေ့လိုက်တဲ့အခါ ပျော့ပြောင်းလာာပြီး အားနည်းလာတယ် ။

ကြက်ဥကတော့ ကွဲအက်လွယ်တယ် ။ သူ့အတွင်းမှာ အရည်တွေနဲ့ဖွဲ့စည်းထားတဲ့ အပြင်အလွှာပါးလေးရှိတယ် ဒါပေမယ့် ဆူပွက်နေတဲ့ရေမှာ ထည့်ပြီး ပြုတ်လိုက်တဲ့အခါ အတွင်းပိုင်းဟာ မာကျောလာခဲ့တယ် ။

ဒါပေမယ့်လည်း မြေကြီးပေါ်က ရတဲ့ကော်ဖီစေ့တွေကတော့ အတုယူဖွယ်ရာပါပဲ ။ ဆူပွက်နေတဲ့ရေထဲထည့်ပြီးတဲ့အခါ သူတို့ဟာ အဲဒီရေကို မွှေးကြိုင်တဲ့ ကော်ဖီရည်အဖြစ်ပြောင်းလဲနိုင်ခဲ့တယ် ။ ကဲ သမီးကရော ဘယ်လိုလူမျိုးလဲကွယ် ” လို့ မိခင်က သမီးကိုမေးခဲ့တယ် ။

________________________________________________________

သင်တို့ရောတွေးဖူးကြလား ? မုန်လာဥလို လူလား ၊ ကြက်ဥလိုလူလား ၊ ကော်ဖီစေ့လို လူလား ?

ပြဿနာတွေ အခက်အခဲတွေနဲ့ ဘ၀မှာ ကြုံတွေ့နေရတဲ့ လောကဓံတွေကို ကျွန်တော်တို့ က ဆူပွက်နေတဲ့ရေတွေအဖြစ်မှတ်ယူကြပါစို့ ။ ကိုယ်ဟာ နဂိုကတည်း ကစိတ်ဓါတ်မာကျောသူ အလွယ်တကူ အရှုံးမပေးသူ ဖြစ်ပေမယ့် ဒီလို ပြဿနာတွေ အခက်အခဲတွေနဲ့ ကြုံတွေ့တဲ့အခါ မုန်လာဥ လိုမျိုး ပျော့ပြောင်းသွားမလား ။ အလွယ်တကူ ဆူပွက်နေတဲ့ ရေ ရဲ့ ဓါတ်ပြုခြင်းကိုခံလိုက်ပြီး ကိုယ့်ရဲ့ ဂုဏ်သတ္တိကိုပျက်ပြယ်စေမှာလား ။

ဒါမှမဟုတ်ကိုယ်ဟာ ကြက်ဥတစ်လုံးဖြစ်တယ်ဆိုပါစို့ ။ နဂိုကတည်းကကိုယ့်အတွင်းစိတ်ဟာ ပျော့ပြောင်းတယ် နူးညံ့တယ် ဒါပေမယ့် အခက်အခဲ ပြဿနာပေါင်းစုံနဲ့ကြုံတွေ့လာတဲ့အခါ ကိုယ့်အတွင်းစိတ်ဟာ အဲဒီလောကဓံတွေကြောင့် မာကျောခံစေမှာလား ။ ရိုင်းစိုင်းကြိမ်းကြုတ်စေမှာလား ။

ကဲ ကိုယ်ဟာ ကော်ဖီစေ့လေးလိုကျင့်ကြံမလား ။ ဘယ်လိုပဲ ခက်ခဲတဲ့လောကဓံ နဲ့ ပြဿနာတွေနဲ့ကြုံတွေ့နေပါစေ အဲဒီပြဿနာတွေကို အကောင်းဆုံး နစ်မျောပျော်ဝင်လို့ မွှေးကြိုင်တဲ့ ရနံ့တွေနဲ့ ကော်ဖီရည်လေးဖြစ်အောင်စွမ်းဆောင်နိုင်ရမယ် ။ ဘယ်လောက်ပဲ ဆူပွက်နေတဲ့ ရေဖြစ်ပါစေ ကိုယ့် နဲ့တွေ့တဲ့အခါ မွှေးကြိုင်တဲ့ ရနံ့လေးနဲ့ အရသာရှိတဲ့ ကော်ဖီရည်လေးဖြစ်အောင်သာ စွမ်းဆောင်ကြပါစို့ ။

ဒါကြောင့် အခက်အခဲ ပြဿနာ ပေါင်းစုံနဲ့လောကဓံရဲ့ရိုက်ပုတ်မှုတွေကြုံလာရတဲ့အခါ

၁ ။ ကိုယ်ဟာ အားပျော့သွားသူ အရှုံးပေးသွားသူမဖြစ်ရဘူး
၂ ။ ကိုယ်ဟာ ရိုင်းစိုင်းသွားသူ မာကြောခက်ထန်သွားသူမဖြစ်ရဘူ
၃ ။ အရာရာကို အကောင်းဆုံးဖြေရှင်းလို့ မွှေးကြိုင်တဲ့ ကော်ဖီရနံ့အရသာလေး ထွက်ပေါ်လာနိုင်အောင် ကြိုးစားနေထိုင်ကြပါစို့ ။

သက်တန့်ချို
Carrots, eggs, and coffee အား ဘာသာပြန်ခံစားသည် 

Thursday, June 21, 2012

Google မှာ ဘယ်လိုရှာကြမလဲ


ကျွန်တော်တို့တတွေ တခုခု လိုချင်တာ သိချင်တာ ရှိရင် အင်တာနက်ရှာဖွေရေး အင်ဂျင် Google မှာ သိချင်တဲ့ အကြောင်းအရာလေး စာသားလေးကို ရိုက်ထဲ့ပြီး ရှာလိုက်တာများပါတယ်..အဲဒီတော့ Google ကလည်း မလိုတာတွေရော လိုတာတွေရော ရှာပေးတော့တာပါပဲ ...

တကယ်တမ်းကျတော့ အင်တာနက်သုံးနေရတဲ့ အချိန်တွေဟာ အလွန်ပဲတန်ဘိုးရှိလှပါတယ်...
ကိုယ်လိုချင်တာလေးတစ်ခုရဖို့ အများကြီးမူးနောက်နေအောင် လိုက်ရှာနေရတယ်ဆိုတာ အချိန်တွေရော လုပ်အားတွေရော အင်တာနက် Bandwidth တွေရော အစစ အရာရာ နှမြောစရာတွေချည်းပါပဲ ....
အထူးသဖြင့် ကျွန်တော်တို့လို အင်တာနက်အသုံးပြုခ ဈေးကြီးနေသေးတဲ့ နေရာတွေအတွက်ဆိုရင် ပိုပြီး နှမြောစရာပါ...

အဲဒါကြောင့် Google ကိုသုံပြီးလိုချင်တာတွေ အမြန်ရှာနိုင်တဲ့ နည်းလေးတွေ ဝေမျှပေးလိုက်ပါတယ်...
  • ရှာဖွေလိုသော အကြောင်းအရာများကို အုပ်စုဖွဲ့ပါ။ ဥပမာ - ကွန်ပျုတာနှင့် သက်ဆိုင်သော အလုပ်အကိုင်များ ရှာလိုပါက ယခုကဲ့သို့ " computer jobs "ဟု မျက်တောင်ကွင်း အဖွင့်အပိတ်အတွင်း ထည့်သွင်းပြီးရိုက်ထည့်ကာ ရှာနိုင်သည် - (လက်တွေ့ရှာပြထားပါသည်)
    • Results 1 - 10 of about 377,000,000 for computer jobs. (0.22 seconds)
    • Results 1 - 10 of about 777,000 for computer jobs ". (0.22seconds)
  • မိမိရှာတွေ့သောအဖြေများတွင် မလိုချင်သော သော့ချက်စကားလုံးများ (Keywords)များ ပါဝင်နေပါက “ အနှုတ် ” လက္ခဏာ ကို သုံးပြီးလျော့ချ ဖယ်ရှားနိုင်သည် - ဥပမာ -
  • Google သည် ကိန်းဂဏန်းအစဉ်များကိုလည်း ရှာဖွေပေးနိုင်သည် - ဥပမာ -
    • Results 1 - 10 of about 37,100 for computer jobs " 2005 ... 2008. (0.16 seconds)
    • Results 1 - 10 of about 19,100 for computer jobs " - webdesigner 2005 ...2008. (0.16 seconds)
  • အောက်ပါ အော်ပရေတာ စာလုံးများကိုလည်း အသုံးပြုနိုင်သည် -
    • cache: ဥပမာ- cache:www.google.com web
    • link: ဥပမာ - link:www.google.com
    • related: ဥပမာ - related:www.google.com
    • info: ဥပမာ - info:www.google.com
    • define: ဥပမာ - define:networking
    • stocks: ဥပမာ - stocks: intc yhoo (ticker symbol ကိုသုံးရသည်)
    • site: ဥပမာ - help site:www.google.com
    • allintitle: ဥပမာ - allintitle: google search
    • intitle: ဥပမာ - intitle:google search
    • allinurl: ဥပမာ - allinurl: google search
    • inurl: ဥပမာ - inurl:google search
    • သတိပြုရန်မှာ “ ” နှင့် အခြားစာလုံးများကြားတွင် နေရာလွတ် Space မရှိစေရန်ဖြစ်သည်
  • Google features page တွင် ပေးထားသော ဥပမာများကို လေ့လာအသုံးပြုနိုင်သည်-
  • နမူနာဖော်ပြထားသော စာကြောင်းများ -
    • intitle:index.of + mp3 -asp -html -htm -php -pls -txt
    • intitle:index.of + mp3 "" -asp -html -htm -php -pls -txt
    • inurl:"ViewerFrame?Mode="
REF 
http://www.google.com/help/operators.html
http://www.google.com/help/features.html

source: http://sharingtofrds.blogspot.com

Monday, June 18, 2012

our passwords ( 1 )


အင်တာနက်နည်းပညာတွေ ကျယ်ပြန့်လာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ တကိုယ်ရေလုံခြုံမှု၊ လွတ်လပ်မှုနဲ့ သီးခြားထင်ရှားမှု တွေဟာ ပိုပြီး အရေးကြီးလာပါတယ် ... သတင်းနည်းပညာခေတ်ကြီးထဲမှာ အင်တာနက် သုံးနေသူတိုင်းဟာ မိမိတို့ရဲ့ အမှတ်အသား (Identity) နဲ့ လွတ်လပ်မှု (Privacy) တွေကို မသမာသူတွေရဲ့ အလွဲသုံးစား အလုပ်ခံရတဲ့ အန္တရာယ် ကနေ ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ကောင်းကောင်းနားလည်ထားဖို့ အရေးကြီးပါတယ်။ ဒီလို အကာအကွယ်ပေးဖို့ဆိုတာ
  • ကိုယ်အသုံးပြုနေတဲ့ စကားဝှက်(Password) တွေကို ကောင်းစွာ အသုံးပြုနိုင်မှုနဲ့
  • စကားဝှက်တွေရဲ့ အကာအကွယ်ပေးနိုင်မှု တွေကို ကောင်းစွာ နားလည်မှု တွေအပေါ်မှာ မူတည်နေပါတယ် ...
ကျွန်တော်တို့ သုံးနေတဲ့ စကားဝှက်တွေကို မှတ်ရတာ၊ ခန့်မှန်းရတာ လွယ်နေလား ခက်သလားဆိုတာ အောက်မှာ စစ်ဆေး ကြည့်လို့ရပါတယ် ...
  • အသုံးများသော၊ အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားသော စကားဝှက်
  • အများသုံး အမည်များ အပေါ် အခြေခံထားသော စကားဝှက်
  • User/Account အမည်များ အပေါ် အခြေခံထားသော စကားဝှက်
  • တိုတောင်းသော (သင်္ကေတ ၆ ခုထက် လျော့နည်းသော) စကားဝှက်
  • အထက်ပါအတိုင်း တစ်ခုမှ မဟုတ်သော စကားဝှက်
တကယ်လို့များ အပေါ်ဘက်လေးခုထဲက တစ်ခုခုနဲ့ ကိုက်ညီနေပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ စကားဝှက်တွေကို အခြားသူတွေက အလွယ်တကူ ခန့်မှန်းနိုင်မှာ ဖြစ်ပြီး အင်တာနက်ထဲမှာ “ကျွန်တော်မသိတဲ့ ကျွန်တော် ” တွေ အများကြီး ပေါ်လာနိုင်ပါတယ် ...

အားနည်းသော စကားဝှက်များ
အားနည်းတဲ့၊ လုံခြုံမှုမရှိတဲ့ စကားဝှက်များမှာ အခုလို လက္ခဏာတွေ ရှိနေပါတယ် ...
  1. အသုံးများသော အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားခြင်း ...
    • ပြောင်းပြန်ပြုထားခြင်း (ဥပမာ - “terces”)
    • အကြီးအသေးရောထားခြင်း (ဥပမာ - SeCreT)
    • စာလုံးနှင့်သင်္ကေတ လဲလှယ်အစားထိုးခြင်း (ဥပမာ - “$ecret”)
    • သရများဖယ်ထားခြင်း (ဥပမာ - “scrt”)
  2. အများသုံး အမည်များ အပေါ် အခြေခံထားခြင်း
  3. User/Account အမည်များ အပေါ် အခြေခံထားသောခြင်း
  4. တိုတောင်းခြင်း (သင်္ကေတ ၆ ခုထက် လျော့နည်းခြင်း)
  5. ကီးဘုတ်မှ စာလုံးတွဲများအပေါ် အခြေခံထားခြင်း (ဥပမာ - “qwerty”, “zxcvb”)
  6. စာလုံးတစ်ခုတည်းကိုသာ သုံးထားခြင်း (ဥပမာ - “kkkkkkkkk” “aabbccdd”)
  7. လိုင်စင်နံပါတ်၊ မှတ်ပုံတင်အမှတ် စသည်တို့မှ ဂဏန်းများကို အဆင်ပြေသလိုထည့်သုံးခြင်း
  8. မိမိအတွက် မှတ်သားရန်ခက်ခဲနေသော စကားဝှက်များ ဖြစ်ခြင်း
စကားဝှက်များ မလုံခြုံရခြင်း အကြောင်းများ
အခုလို အချက်တွေကြောင့် ကျွန်တော်တို့ရဲ့ စကားဝှက်တွေဟာ မလုံမခြုံဖြစ်တတ်ပါတယ် ...
  1. စကားဝှက်တစ်ခုကို ထပ်တလဲလဲ သုံးခြင်း
  2. မှတ်သားထားခြင်း (တစ်နေရာတွင် ရေးမှတ်ထားခြင်း)
  3. ရေးမှတ်ထားသော စကားဝှက်ကို အခြားနေရာများတွင် သုံးခြင်း
  4. (အထက်ပါ အလေ့အကျင့်နှစ်ခုကို ပေါင်းစပ် ပြုလုပ်ခြင်း)
  5. စကားဝှက်များကို နေရာ နှစ်ခု (သို့မဟုတ်) ထို့ထက်ပိုပြီး သုံးခြင်း
  6. စိတ်မချရသော စနစ်များတွင် စကားဝှက်များကို ထပ်ခါထပ်ခါ အသုံးပြုခြင်း (ဥပမာ - အွန်လိုင်း တွင်ကစားရသော ကစားနည်းများ တွင်စကားဝှက်တစ်ခုတည်းကို ထပ်ခါထပ်ခါ သုံးခြင်း)
မှတ်ချက် - 
  • စကားဝှက် လုံခြုံမှုအတွက် သော့ချက် အကျဆုံးအရာမှာ စကားဝှက်အတွင်းပေါင်းစပ် ပါဝင်နေသော အရာများအပေါ် “ထွင်းဖောက်နိုင်မှု” (Crackability) အပေါ်တွင် တည်နေသည် ...
  • စကားဝှက်များနှင့် သက်ဆိုင်သည့် လုပ်နည်းစနစ်များ အစီအစဉ်များ အပေါ် ကောင်းစွာမသိခြင်း၊ အထဲတွင် ပါဝင်နေသော အရာများနှင့် စကားဝှက်များကို “ထွင်းဖောက်ခြင်း” (Cracking) ... တို့သည် လူတို့၏ “ လုံခြုံမှု မရှိသော ” အပြုအမူများ၊ အလေ့အကျင့်များ အပေါ် များစွာအခြေခံနေသည် ...
အင်အားကောင်းသော စကားဝှက်များ၏ လက္ခဏာများ
အင်အားကောင်းတဲ့ ခန့်မှန်းရခက်တဲ့ စကားဝှက်များ၏ လက္ခဏာများကတော့ အခုလို ဖြစ်ပါတယ် ....
  1. အောက်ပါတို့အနက် တစ်ခုစီ အနည်းဆုံး ပါဝင်လျက် ရှိခြင်း
    • ကိန်းဂဏန်းများ (0..9)
    • စာလုံးများ (a..z..A...Z)
    • ပုဒ်ဖြတ် ပုဒ်ရပ် သင်္ကေတများ (?,!,],:," စသည်)
    • Control Character (^s, Ctrl-s စသည်)
  2. ကဗျာစာပိုဒ်များမှ စာကြောင်းများတွင်ပါဝင်နေသော စာလုံးများအပေါ် အခြေခံခြင်း
    - ဥပမာ - Man may come and man may go, But I goforever,
    - => MMCAMMGBIGOF => M2C@M2GBIG0F
    - တခါတရံတွင် Virtual Password များကို ရည်ညွှန်း အသုံးပြုခြင်း
  3. မိမိအတွက် အလွယ်တကူ မှတ်မိနိုင်သော်လည်း အခြားသူများ အနေဖြင့် ခန့်မှန်းနိုင်ရန် အလွန်ခက်ခဲခြင်း (အလွယ်တကူ မဖြစ်နိုင်ခြင်း)
ဆောင်ရွက်ရမည့် အလေ့အကျင့်များ 
လုံခြုံ အားကောင်းသော စကားဝှက်များ ဖြစ်စေရန် ဆောင်ရွက်ရမည့် အလေ့အကျင့်များကောင်းတွေကတော့
  1. စကားဝှက်များကို ထပ်ခါတလဲလဲ မသုံးခြင်း
  2. စကားဝှက်တစ်ခုကို မည်သည့်နေရာတွင်မဆို ဘယ်တော့မှ ချရေးမထားခြင်း
  3. ပုံဖျက် (Encrypted) ထားသော စကားဝှက် များကို ထားရှိရာနေရာ ရှိပါကလည်း ချရေးမထားခြင်း
  4. နေရာ၊ စနစ်၊ အကြောင်းအရာ တစ်ခုတိုင်းစီအတွက် မတူညီသော စကားဝှက်တစ်ခုစီကို သုံးခြင်း
  5. အချို့သော Trojan hosrse များသည် မိမိတို့၏ စကားဝှက်များကို ခိုးနိုင်ရန်အတွက် မိမိသုံးနေကြ ၀က်ဘ်ဆိုက် တစ်ခု၏ မူလစာမျက်နှာ အတုတစ်ခု ဖန်တီးကာ User Name နှင့် Password တို့ကို ထည့်သွင်းခိုင်းလေ့ ရှိတတ် ကြသည်။ ထို့ကြောင့် -
    • မိမိဝင်ရောက်ရမည့် နေရာသည် မှန်ကန်မှုရှိမရှိ အမြဲ သတိထား စစ်ဆေးခြင်း..
    • စိတ်ချယုံကြည်စွာ ၀င်ရောက်နိုင်မည့် အသိပေးချက်များဖော်ပြပေးခြင်းရှိမရှိ စစ်ဆေးခြင်း..
    • လိုအပ်ပါက reset လုပ်ပြီး ပြန်ဖွင့်ခြင်း
  6. မိမိ၏ Keyboard ကို တိတ်တဆိတ် စောင့်ကြည့်ပြီး ရိုက်နှိပ်လိုက်သမျှကို မှတ်သားနေသော ပစ္စည်းများ၊ (စကားဝှက် ခိုးယူသော) ဆော့ဖ်ဝဲများ (Keyloggers) ရှိမရှိ စစ်ဆေးခြင်း
  7. စကားဝှက်များကို မကြာခဏ အပြောင်းအလဲ ပြုလုပ်ခြင်း
  8. မိမိ၏ စကားဝှက်များကို ရိုက်သွင်းနေစဉ်တွင် စောင့်ကြည့်၊ ချောင်းကြည့်၊ မသိမသာ ကြည့်နေသူများ ရှိမရှိ တတ်နိုင်သမျှ ဂရုပြု စစ်ဆေးခြင်း
  9. ဆော့ဖ်ဝဲများတွင် ပါဝင်လေ့ရှိတတ်သော “စကားဝှက်မှတ်သားပေးပါ” (Remember Password) ဟူသော အင်္ဂါရပ်ကို ဘယ်တော့မှ မသုံးခြင်း .. (ဥပမာ - Internet Explorer ) ၊(တနည်းအားဖြင့် မိမိ၏ စကားဝှက်ကို ဆော့ဖ်ဝဲဖြင့် မှတ်ထားမှု မပြုခြင်း)
  10. လုပ်ငန်းခွင်တွင် ဖြစ်ပါက အုပ်ချုပ်ရေးတွင် တာဝန်ရှိသူများက စကားဝှက်များ လုံခြုံမှု ရှိမရှိ စစ်ဆေးခြင်း

REF-
-http://web.mit.edu/net-security/www/pw.html
-http://www.umich.edu/~policies/pw-security.html
-http://www-cgi.cs.cmu.edu/~help/security/pass_sec.html
-http://en.wikipedia.org/wiki/Trojan_horse_(computing)
-http://en.wikipedia.org/wiki/reset


source : http://sharingtofrds.blogspot.com

Sunday, June 17, 2012

God keeps you going



တစ်ခါတုန်းက အရမ်းတော်တဲ့ တင်းနစ်ကစားသမားတစ်ဦးရှိတယ် ။ ပြိုင်ပွဲတိုင်းမှာ အနိုင်ရပြီး သူဟာ ကမ္ဘာ့အတော်ဆုံးတင်းနစ်ကစားသမားလည်းဖြစ်ခဲ့တယ် ။ ဒါပေမယ့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ သူနေမကောင်းဖြစ်တာကိုကြုံခဲ့ရတယ် ။ အဲဒီအခါ သွေးအားနည်းပြီး သွေးသွင်းဖို့လိုတဲ့အတွက် သူ့သူငယ်ချင်းတစ်ယောက်ဆီကနေ သွေးလက်ခံခဲ့တယ်။ဆိုးရွားလွန်းတဲ့ကံကြမ္မာပါပဲ ။ သူလက်ခံခဲ့တဲ့ သွေးဟာ HIV ပိုးရှိနေခဲ့တဲ့အတွက် သူ့မှာပါ အဲဒီရောဂါပိုးကူးစက်ခံခဲ့ရတယ် ။ ဒီလိုနဲ့ မကြာခင်အချိန်အတွင်းမှာ AIDS ရောဂါဆိုးကြီးဖြစ်ပေါ်လာခဲ့ပြီး သူ့ဘ၀ရဲ့နေ၀င်ချိန်ကို ရောက်လာခဲ့ရပါတယ် ။

တစ်နေ့မှာတော့ သူ့ကို ချစ်ကြတဲ့ များစွာသော ပရိတ်သတ်တွေထဲကနေ စာတွေပို့တဲ့အထဲက စာတစ်စောင်ကို သူဖတ်လိုက်တယ် ။

“ ဘုရားသခင်က ခင်ဗျားကိုမှ ရွေးပြီးဘာကြောင့် ဒီရောဂါ ဆိုးကြီးဖြစ်စေရတာလဲ ” လို့ရေးထားတာကိုတွေ့လိုက်တယ် ။ ဒီတော့ သူက အဲဒီလူကို ပြန်စာပို့လိုက်တယ် ။ စာထဲမှာ သူရေးထားတာကတော့

“ ကမ္ဘာမြေကြီးမှာ သန်းပေါင်းငါးဆယ်သော ကလေးတွေဟာ တင်းနစ်စကစားနေကြပြီ၊ ငါးသန်းလောက်သော လူတွေက တင်းနစ်ကစားဖို့သင်ယူနေကြတယ် သန်းတစ်ဝက်လောက်ကတော့ ပရော်ဖက်ရှင်နယ်အဖြစ်သင်ယူကြတယ် အဲဒီမှာမှ တကယ့်တန်းဝင်ကစားဖြစ်တာက လူပေါင်းငါးသောင်းလောက်ပဲရှိတယ် ။ ငါးထောင်လောက်ကတော့ ပြိုင်ပွဲတွေဆီရောက်ပြီး ငါးဆယ်လောက်ကတော့ လက်ရွေးစင်တွေဖြစ်သွားကြတယ် ။ ၄ ယောက်လောက်သာ ဆီမီးဖိုင်နယ်တက်နိုင်ပြီး နောက်ဆုံး ၂ သာ ဖိုင်နယ်မှာတွေ့ကြတယ် ။ အဲဒီမှာမှ ကျွန်တော်ဟာ ဆုဖလားကိုင်မြှောက်ခွင့်ရတဲ့တစ်ဦးတည်းသောလူဖြစ်ခဲ့တယ် ။ အဲဒီတုန်းကတော့ ကျွန်တော်က ဘုရားသခင်ကို “ ဘာကြောင့်လဲ ” ဆိုတဲ့မေးခွန်းမမေးခဲ့ဘူး ။

အခု လည်း ဒီနေ့မှာ ကျွန်တော်ခံစားနေရတဲ့ ဝေဒနာတွေကို “ ဘာကြောင့်လဲ ” ဆိုတဲ့မေးခွန်း ဘုရားသခင်ကို မမေးသင့်ဘူးမဟုတ်လား ”

@@@@@@@@@@@@@@@@@@@@@

ပျော်ရွှင်မှုဟာ သင့်ကိုချိုမြိန်အောင်ပြုလုပ်ပေးတယ် ။ လေ့ကျင့်မှုတွေက သန်မာအောင်လုပ်ပေးပြီး ၀မ်းနည်းမှုတွေက သင့်ကို လူသားဆန်စေတယ် ။ ရှုံးနိမ့်မှုတွေက သင့်ကိုထောင်လွှားမှုမရှိအောင်ပြုလုပ်ပေးသလို အောင်မြင်မှုဆိုတာကလည်းသင့်ကို ပီတိကိုဖြစ်စေတယ် ။ ဒါပေမယ့်ဘုရားသခင်ကတော့ သင့်ကို “ သွားမြဲ သွားစေလျှက် - လျှောက်မြဲလျှောက်စေလျှက် ” ပါပဲ ။

အမြင့်ဆုံးအချိန်ကိုရောက်ပြီး ကောင်းမွန်တဲ့ကံကြမ္မာကိုလက်ခံပြီးပြီဆိုရင် အနိမ့်ဆုံးကိုရောက်ပြီး ဆိုးရွားတဲ့ကံကြမ္မာတွေကိုလည်းလက်ခံနိုင်စွမ်းရှိရမယ်မဟုတ်ပါလား ။

သက်တန့်ချို
God keeps you going အား ဘာသာပြန်ခံစားသည် ။

Arthur Ashe, the well known legend player of tennis was dying of AIDS. He got this disease in 1983 by infected blood transfusion during heart surgery. He received numerous letters from his fans all over the World.One of his fans wrote him in gloomy words “why god selected you for such a bad disease”? Arthur Ashe, replied his fan and wrote him in following words,“All over the world 5 crore children start playing tennis,Out of them 50 lacs learn to play tennis,Out of them 5 lac learn professional tennis,Out of them 50,000 come to the circuit,Out of them 5000 reach the grand slam,Out of them 50 reach Wimbledon,Out of them 4 reach to semifinal2 of them reach to the final match,When I was holding a cupI never asked my GOD" Why Me"?And today in pain, I should not be asking Him "Why me?Happiness keeps you SweetTrials keep you StrongSorrow keeps you humanFailure keeps you humbleSuccess keeps you glowingBut only GOD keeps you going and going>>>>>>

Arthur Ashe (49-years-old): July 10, 1943 – February 6, 1993Arthur Ashe won three Grand Slam titles, including a shock win over Jimmy Connors at Wimbledon in 1975, five years after his last win. He died of AIDS-related pneumonia in 1993 after contracting the disease via a blood transfusion.